ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ကျောင်းဆရာ/မများ မလုံလောက်သည့် ဝေးလံခေါင်ပါးသည့် ကျေးလက်ဒေသဘက်သို့ သွားရောက် တာဝန်ထမ်းဆောင်နိုင်မည့် ဝန်ထမ်းအသစ် ရွေးချယ်ရာမှာ အနည်းဆုံး ၅ နှစ်တာဝန် ထမ်းဆောင်နိုင်မည့်သူဖြစ်ရမယ်လို့ လွိုင်ကော်မြို့နယ် ထေးငါးလျား အလယ်တန်းကျောင်းအုပ် ဦးစိုးလွင်က ပြောပါတယ်။
ဝန်ထမ်းအသစ်ရွေးချယ်ခန့်အပ်ဖို့ အလုပ်လျှောက်လွှာခေါ်ယူရာမှာ အစိုးရကနေပြီး နေ့စားလပေး ဝန်ထမ်း အနေဖြင့်သာ ခေါ်ယူပြီး ဝေးလံသည့်နေရာတွင် အနည်းဆုံး ၅ နှစ်တာဝန်ထမ်းဆောင်ဖို့ ဝန်ခံဂတိ ထိုးရမယ်ဖြစ်တယ်လို့ ပြောပါတယ်။
"ကျောင်းအဆင့်တည်နေရာကို A,B,C,D,E သတ်မှတ်ထားတယ်။ မြို့ပေါ်ဆိုရင် A ပေါ့ မြို့နဲ့နီးစပ်တဲ့နေရာဆို B ပေါ့ အခုက ဝေးလံ ခက်ခဲတဲ့ ဒေသလို့ သတ်မှတ်ထားတဲ့ D နဲ့ E တို့လိုနေရာဒေသ လိုမျိုးကို သွားပြီး အမှုထမ်းနိုင်ပါတယ် ဆိုတဲ့ ဝန်ခံချက် ပေးနိုင်တဲ့သူ နောက်ပြီးတော့ အဲဒီနေရာမှာ အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်နိုင်တဲ့သူ အဲဒါ သူတို့ကိုလည်း ဝန်ခံကတိထိုးထားခိုင်းတယ်။ အစကတည်းက အဲလိုပဲ ခေါ်တယ်။ ဝေးလံ ခက်ခဲတဲ့နေရာတွေမှာ ဝန်ထမ်းအင်အားတွေ လွှတ်နေတယ်။ အဲဒီနေရာကို အစားထိုးခန့် ထားဖို့ရန်အတွက် ဖြစ်တယ်" လို့ ဦးစိုးလွင်က ပြောပါတယ်။
ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အဓိက ကျောင်းဆရာ/မတွေ ကျောင်းတိုင်းမှာ မလုံလောက်တဲ့ ပြဿနာ ဖြေရှင်းနိုင်ဖို့အတွက် အစိုးရကနေပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်သွားသည့်သူများ၊ ဘွဲ့ရသူများကို နေရာအဆင့်ဆင့်လိုက် သတ်မှတ်ခွဲခြားပြီး နေ့စားလပေး ဝန်ထမ်းအနေဖြင့် ဝန်ထမ်းတွေခန့်အပ်ဖို့ လူတွေ့ မေးမြန်ခြင်းတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
ဇွန်လ ၁၇ ရက်နေ့တွင် နေ့စားလပေးဝန်ထမ်းအလုပ်ရဖို့ လူတွေ့နုတ်ဖြေဆိုခဲ့သည့် အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသမီးတဦးက “ရလို့ရှိရင်တော့ ကိုယ်သွားချင်နေရာလိုချင်တာပေါ့၊ မရလို့ရှိရင်တော့ သူတို့ချတဲ့နေရာ သွားရမှာပေ့ါ၊ ချတဲ့နေရာပေါ်မူတည်ပြီးတော့ သွားနိုင်ရင် သွားမှာပေ့ါ၊ မသွားနိုင်ရင် မသွားဘူးပေ့ါ၊ ကိုယ်ကအိမ်ထောင်တစ်ဖက်နဲ့လေ၊ ကလေးတစ်ဖက်နဲ့ဆိုတော့၊ အခုလျှောက်ထားတဲ့သူ အကုန်လုံးရစေချင်တယ်၊ ကိုယ်ကတော့ လျှောက်ထားမှတ်တော့ ရချင်တာပေ့ါ၊ အလုပ်မရှိတော့” လို့ပြောပါတယ်။
အခုလို နေ့စားလပေးဆွဲခန့် လျှောက်ထားရေးအစီအစဉ်မှာ အစိုးရမှ ပထမအကြိမ် ခေါ်ဖိတ်ခြင်းဖြစ်ပြီး ဆရာဖြစ် မူလတန်းနှင့် အလယ်တန်းပြ၊ အငယ်တန်းရုံးစာရင်း၊ ဓါတ်ခွဲကျွမ်းကျင်(၃) နှင့် အောက်ခြေဝန်ထမ်း အဖြစ် လိုင်းခွဲ (၄)ခု ခွဲပြီး လျှောက်လွှာတွေ ကို ခေါ်ယူစစ်ဆေးထားတာ ဖြစ်ပါတယ်။
လွိုင်ကော်မြို့နယ်တွင် လျှောက်ထားသူဦးရေ စုစုပေါင်း (၄၀၀)ကျော် ရှိပြီး မူလတန်း အလယ်တန်းပြမှာ (၁၃၅)ဦး၊ အငယ်တန်းစာရင်းမှာ (၂၀၃)ဦး၊ ဓါတ်ခွဲကျွမ်းကျင်(၃) မှာ (၁၁) ဦး ရှိတယ်လို့ သိရပါတယ်။