မြန်မာစစ်တပ်လက်နက်ကြီးကြောင့် သက်ကြီးတဦးသွေးလန့်သေဆုံး ဘုန်းတော်ကြီးများနှင့်ရွာသားများ ထွက်ပြေးနေရ

မြန်မာစစ်တပ်လက်နက်ကြီးကြောင့် သက်ကြီးတဦးသွေးလန့်သေဆုံး ဘုန်းတော်ကြီးများနှင့်ရွာသားများ ထွက်ပြေးနေရ
by -
သျှမ်းသံတော်ဆင့်

ယခင်အပတ်က သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် ဘုန်းကြီးကျောင်းထဲသို့ မြန်မာစစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ် မှုကြောင့် ဒေသခံ အဖွား တဦး သေဆုံးကာ ရွာသား ၄ ယောက်ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ရ လုံး ပျက်စီးခဲ့ကြောင်း သျှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက ဆိုပါသည်။

“ သျှမ်းပြည်နယ်အတွင်း ဖြစ်ပွါးသော တိုက်ပွဲများတွင် ဗုဒ္ဓသာသနာကို မြန်မာစစ်တပ်က လေးစားမှု မရှိခြင်း” ဟူသည့် ခေါင်းစဉ်ပါ ကြေငြာချက်ကို ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲဖြင့် သျှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ထုတ်ပြန် လိုက်ပါသည်။

၎င်းနှင့် ပတ်သက်၍ သျှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းတာဝန်ခံ နန်းစမ်နွန်းက “ မြန်မာစစ်တပ်က ကျေးလက်လူထုကို မညှာတာဘူး။ ဒေသခံလူထု ဒုက္ခရောက်အောင်လုပ်တယ်။ အသက် ရ၀ ကျော်အရွယ် အဖွားအိုတယောက်ဆိုရင် လက် နက်ကြီးအသံကြောင့်လန့်ပြီး သေဆုံးတယ်။  ထိုင်းမ် မဂ္ဂဇင်းက မြန်မာနိုင်ငံဗုဒ္ဓဘာသာကို အကြမ်းဖက်ဝါဒလို့ ထုတ်ပြန် လိုက်တဲ့တချိန်ထဲမှာဘဲ အစိုးရစစ်တပ်က လက်နက်ကြီးနဲ့ ဘုန်းကြီးကျောင်းကိုပစ်ခတ်လိုက်တာဟာ ဗုဒ္ဓဘာသာကို ကာ ကွယ် တယ်လို့ အစိုးရကပြောနေတာနဲ့ လုံးဝ မကိုက်ညီပါဘူး။ ဒါကြောင့် ဘာသာတရားကိုလေးစားတယ်လို့ ပြောနေတဲ့ မြန်မာနိုင်ငံအစိုးရဟာ  ငြိမ်းချမ်းရေးကိုလုပ်ဆောင်နေပါတယ် ဆိုတဲ့သူ့စကားလိုဘဲ အဓိပ္ပါယ်မရှိပါဘူး” ဟု ပြောဆိုပါသည်။

ဇွန်လ ၂၃ ရက်နေ့က ခမရ ၅၂၅ နှင့် ၅၆၉ တို့ပူးပေါင်းတပ်က  သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ် မတော်ဌာန ချုပ်၏ အနောက်မြောက်ဘက် ၃၀ ကီလိုမီတာအကွာရှိ ကျေးသီးမြို့ ဝမ့်ဝပ်အုပ်စု ဘုန်းကြီးကျောင်းဝင်းထဲသို့ လက်နက်ကြီး များပစ်ခတ်ခြင်း ကျောင်းဝင်း အတွင်းဝင် ရောက် နေရာယူခြင်းတို့ကြောင့် ဒေသခံရွာသား ၁၅၀ ကျော်နှင့် သံဃာ ၊ သာမ ဏေ ၃၀ ကျော်ဘေးလွှတ်ရာ သို့ရှောင်ပြေး ခဲ့ရသည်ဟု ကြေငြာချက်တွင်ဖော်ပြထားသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများ သုံးချိုးတချိုး သာ အိမ်ပြန်ရဲကြပြီး  အဆိုပါရွာရှိ စာသင်ကျောင်းမှာလည်း မြန်မာစစ်တပ် ပြန်မဆုတ်ပေးသေးသရွေ့ ကျောင်းဖွင့်မည်မဟုတ်ဟု ဆရာ၊ဆရာမ များကပြောကြောင်း၊ ကျောင်းသူ ကျောင်းသား ၁၅၀ ခန့်ရှိကြောင်း နန်းစမ်နွန်းက ဆိုပါသည်။

ထို့အပြင် ဇွန်လ ၂၅ ရက် မြန်မာစစ်တပ်အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်ပွါးသည့်နေ့တွင်လည်း ဝမ့်ဝပ်ရွာ အနီးအနား ရှိရွာများမှ ရွာသူကြီးများကို ဘုန်းကြီးကျောင်းသို့ခေါ်ယူကာ ဒေသတွင်းလှုပ်ရှားနေသည့် သျှမ်းတပ်အကြောင်း ရိုက်နှက် မေးမြန်းကြောင်းလည်း ကြေငြာချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါဖြစ်ပွါးခဲ့သည့်တိုက်ပွဲသည် မြန်မာစစ်တပ်မှ သျှမ်းတပ်စခန်းအား ဦးတည်ဝိုင်းရံတိုက်ခိုက် ခဲ့ခြင်းဖြစ်သဖြင့် ၂၀၁၂ ဇန္နဝါရီလက ဆွေးနွေးသဘောတူချုပ်ဆိုခဲ့သော အပစ်ရပ်ရေးသဘောတူညီ ချက်စာချုပ်အား ပြောင်ပြောင် တင်း တင်းချိုးဖောက်နေခြင်းဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း SHRF က ထောက်ပြပါသည်။

မြန်မာအစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော်သည်လည်း ပြီးခဲ့သည့်မေလဆန်းကပင် တန့်ယန်းမြို့၌ SSPP/SSA သျှမ်းပြည်တပ်မတော်နှင့် တွေ့ဆုံကာ တိုက်ပွဲများ ထပ်မံမဖြစ်ပွား အောင် နှစ်ဦးနှစ်ဘက်လုံး ဆင်ခြင်သွားမည်ဟုပါဝင်သော သဘောတူညီချက် ၄ ချက် ကိုဆွေးနွေး သဘော တူခဲ့သည်။