နားကောင်းမူးအုပ်စုတွင်း လမ်းပြုပြင်မွမ်းမံ ဒေသခံများ ပိုက်ဆံ သိန်းချီထည့်ရ

နားကောင်းမူးအုပ်စုတွင်း လမ်းပြုပြင်မွမ်းမံ ဒေသခံများ ပိုက်ဆံ သိန်းချီထည့်ရ
သျှမ်းပြည် အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူး အုပ်စုအတွင်း ကားလမ်း ပြုပြင်မွမ်းမံရန်အတွက် ဒေသခံများ၏ အိမ်ခြံဝင်းရှေ့ အကျယ်အဝန်းအပေါ် ပိုက်ဆံကောက်ရန် ကျေးရွာအုပ်စု ဥက္ကဌအား နအဖ အာဏာပိုင်များ ဆင့်ဆိုကြောင်း ဒေသခံများထံ မှသိရ ...

သျှမ်းပြည် အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးအုပ်စုအတွင်း ကားလမ်းပြုပြင်မွမ်းမံရန်အတွက် ဒေသခံများ၏ အိမ်ခြံဝင်းရှေ့အကျယ်အဝန်းအပေါ်ပိုက်ဆံကောက်ရန် ကျေးရွာအုပ်စု ဥက္ကဌအား နအဖအာဏာပိုင်များ ဆင့်ဆိုကြောင်း ဒေသခံများထံ မှသိရသည်။

နားကောင်းမူးအုပ်စု မှ မိုင်းတုံသို့အထွက်လမ်း ၁ မိုင်ခန့်အရှည် ကျောက်ခင်းလမ်း ကတ္တရာခင်းရန် ဒေသ ခံများထံ ပိုက်ဆံ ကောက်ရေးအတွက် ၂၀၀၈ နှောင်းပိုင်း ကတည်းက စီစဉ်ခဲ့ကြောင်း၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးကိုယ်တိုင် အမိန့်ထုတ် ထားသော်လည်း ကတ္တရာစေးချမပေးသောကြောင့် အထမမြောက်ခဲ့ကြောင်း၊ တအိမ်လျှင် အနည်းဆုံး ပိုက်ဆံသိန်းချီ ကုန်ကျ ဖွယ်ရှိကြောင်း ဒေသခံတဦးကဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ အသက် ၅၀ ကျော် ရွာသားတဦးက - “အခု ပိုက်ဆံကောက်တာက ကားလမ်းမဘေး အိမ်တွေဘဲ ၊ ကျနော့် အိမ်ခြံဝင်းရှေ့က ပေ ၈၀ ရှိတယ်။ တပေ ၂၂၀၀ ကျပ် ထည့်ရတယ်ဆိုတော့ ၁ သိန်းရ သောင်း ၆ ထောင်ကျ တယ်။ နှစ်သုတ်ခွဲပေးရလို့တော်သေးတာပေါ့။ ပထမ အသုတ်  ၈၈,၀၀၀ ကျပ်   ဖေဖေါ်ဝါရီ ၂၄ ရက်က ထည့်ရတယ်။ ဒုတိယ အသုတ် ဘယ်တော့ထည့်ရမလဲမသိဘူး။ အခုပြုပြင်မယ့်အတွက်ပိုက်ဆံထည့်ရတာက အိမ်ခြေ ၈၀ နီးပါးရှိတယ်” ဟုဆို၏။

ယခုလ လယ်ပိုင်းက တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးမှ ကတ္တရာ ပုံး ၈၀ ချပေးခဲ့ပြီး  လမ်းပြုပြင်ထိန်းသိမ်းရေး ကော်မတီ (ပုံပါကျင် မြို့ နယ်ခွဲ ရုံးစိုက်) မှတာဝန်ယူလမ်းခင်းပေးမည်ဖြစ်ကြောင်း၊ ဒေသခံလူ ထုထံမှ ဆင့်ဆိုကောက်ခံခဲ့သော ပိုက်ဆံ များကို လမ်းခင်းရေး ကော်မတီသို့ ပေးရကြောင်းထိုဒေသခံက ဆက်ပြောပြပါသည်။

လမ်းခင်းသည့်ကိစ္စနှင့်ပတ်သက်၍ အိမ်ရှင်မတဦးကလဲ-“သူတို့ဆင့်ဆိုလာသလောက် ပိုက်ဆံမရှိလည်းရှာ ရတာပေါ့၊ နို့မဟုတ် ရင် အိမ်ရောင်းပြီး ရွာပြင်၊ ရွာစပ်ကိုပြေးရမှာ။ လမ်းမဘေးနေရတာမချောင်ဘူး။ အမျိုးမျိုး ဆင့်ဆိုခံရတယ်။ တိုက်အိမ်ဆောက်ခိုင်း တယ်၊ သွပ်မိုးခိုင်းတယ် ၊ အုတ်နံရံခြံစည်းရိုးခတ်ခိုင်းတယ် ထုံးသုတ် ခိုင်းတယ် စသဖြင့်ပေါ့။ တိုက်အိမ်မဆောက်မနေရဆိုတာဘဲ ကျန်တော့တယ်” - ဟု ဆို၏။

နားကောင်းမူး ကျေးရွာအုပ်စုတွင် ၆ ရပ်ကွက်ရှိပြီး အုပ်စုတွင်းလမ်းမ ၃ မိုင် ရှည်၏။ ကနဦးပိုင်းအနေဖြင့် မိုင်းတုံ မှ နားကောင်းမူး အဝင်  ၁ မိုင်ခန့်သာ စတင်ပြုပြင်မည်ဖြစ်သည်ဟုဆိုပါသည်။ ပုံပါကျင်မြို့နယ်ခွဲတွင်လည်း ယခင်က ဤကဲ့သို့  ဒေသခံများထံ ပိုက်ဆံကောက် လမ်းပြင်ခဲ့ဖူးသည်ဟုဆိုသည်။