သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် ကချင် လွတ်လပ်ရေး အဖွဲ့တို့၏ နည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team) တို့ တွေ့ဆုံ ဆွေး နွေးပြီးမှသာလျှင် မိမိတို့ UNFC (Technical Team)နှင့် တွေ့ဆုံသွားရန် ရှိကြောင်း တွဲဖက် အတွင်းရေးမှူး ဖြစ်သူ ခွန်ဥက္ကာက ဆိုပါသည်။
“ကျနော်တို့ အနေနဲ့ ရက်အတိအကျပြောဖို့ ခက်သေးတယ်။ ကချင်နဲ့ ပြီးပြတ်ပြီးမှ UNFC ကို သူတို့က လာတွေ့မှာ ဖြစ်တယ်။ UNFC အနေနဲ့ကလည်း ကချင်ဘက်က ရက်ချိန်း လိုက်မယ် ဆိုရင်တော့ ဒီဘက်ကလည်း အော်တိုရက်ရွှေ့သွားနိုင်ပါတယ်။ ကျနော်တို့က ကချင်ရဲ့ အခြေအနေကိုပဲ စောင့်ကြည့် နေပါတယ်” ဟုဆိုပါသည်။
UNFC နှင့် လာရောက် တွေ့ဆုံမည့် အဖွဲ့မှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးတင်မောင်သန်းနှင့် ဦးလှမောင်ရွှေ ဦးဆောင်သည့် နည်းပညာ အထောက်အကူပြု အဖွဲ့သာ ဖြစ်ကြောင်း ဆိုပါသည်။ ၄င်းအဖွဲ့တွင် အဖွဲ့ဝင် (၉) ဦး ရှိပြီး၊ ကချင် လွတ်လပ်ရေး အဖွဲ့၏ (Technical Team)နှင့် ဦးစွာ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါသည်။
UNFC သည် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် မူဘောင် ညှိနှိုင်းရန်အဆင်သင့် ရှိကြောင်း ဆိုပါသည်။ အကယ်၍ အစိုးရဖက်မှ အသွင် အမျိုုးမျိုးကြောင့် ပြောင်းလဲ ခဲ့လျှင်လည်းUNFC အနေနှင့် ပြန်လည် သုံးသပ်သွားရန်သာ ရှိပြီးပေါ် လစီပြောင်းလဲရန် အစီအစဉ် မရှိသေးကြောင်း ဆိုပါသည်။
အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့သည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲခဲ့သည်ဟုဆို သော်လည်း တပ်ဖွဲ့နေရာ ချထားရေး ပြသနာနှင့် အကြောင်းပြချက်မဲ့ တဖက်သတ် တိုက်ခိုက်မှုများဖြင့် ဖန်တီးခဲ့ပါသည်။ ဤသည် အပစ်အခတ် ရပ်စဲစဉ် ဆွေးနွေး သဘော တူညီထားချက်များ ကို တမင် ဖျက်ဆီးနေသည်မှာ ထင်ရှားပြီး တမင်ချန် ထားခဲ့သော ပြသနာလည်း ဖြစ်ဖွယ် ရှိသည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။
အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကှဌ နိုင်ငံတော် လုံခြုံရေးနှင့် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းသည် ယခင်က ရှိနေခဲ့သော ငြိမ်းချမ်းရေး အဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်သောင်း နေရာကိုပါ ပူးတွဲ အစားထိုး ၀င်လာခဲ့သူ ဖြစ်ပါသည်။ ဤကဲ့သို့ အစားထိုး ၀င်လာပြီးနောက်ပိုင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် ဦးအောင်သောင်းတို့ ရယူခဲ့သော သဘော တူညီမှုများလည်း အလွတ်သဘောဘဝ ရောက်ခဲ့ရပါသည်။
လက်ရှိ နေပြည်တော် သတင်းအရ ၀န်ကြီး ဦးအောင်မင်း နှုတ်ထွက်ရန် ရှိသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။ ဤသည်လည်း မှန်ခဲ့သည်ရှိသော် အစိုးရ ပေါ်လစီ အပြောင်းအလဲ၏ တစိပ်တဒေသ ဖြစ်ဖွယ် ရှိနေပါသည်။ အစိုးရပေါ်လစီ သည် တိုင်းရင်းသားများ လက်မခံသော (၂၀၀၈) ဥပဒေမှ ထွက်ပေါ်လာသည့် လွှတ်တော် ဦးဆောင်ရေးကို ကဏ္ဍသာ ဖြစ်ဖွယ် ရှိသည်ဟု ဆိုနိုင်ပါသည်။
လွှတ်တော်သည် ဦးအောင်မင်းတို့ ချန်ထားခဲ့သော တပ်နေရာ ချထားရေး ပြသနာနှင့် အကြောင်းပြချက်မဲ့ တမင် တိုက်ခိုက်နေမှုများကို လွှတ်တော် အာဏာဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်းကို သက်သေပြမည့် ပေါ်လစီ အလှည့်အပြောင်းဖြင့် ကျင့်သုံးဖွယ် ရှိနေပါသည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် ပထမအ ဆင့်၌တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို လွှတ်တော်မှ ဦးဆောင်သွားမည်။ တချိန်ထဲတွင် ဦးအောင်မင်းခေတ်ကို ရပ်နားခိုင်းဖွယ် ရှိမည်။
UNFC ကမူ တိုင်းရင်းသား တပ်ဖွဲ့ကြား ဖြစ်နေသော တပ်နေရာ ချထားရေး ကိစ္စအား လွတ်တော်မှ ကြားဝင်သည်ဖြစ်စေ၊ အရေးကြီးသည်မှာ အစိုးရ တပ်မတော်ဘက်မှလိုက်နာရန် အဓိကဖြစ်ကြောင်း၊ တပ်မတော်ဘက်မှ လိုက်နာဆောင် ရွက်ခြင်း မရှိလျှင် တပ်နေရာ ချထားရေး ကိစ္စမှာ အကောင်အထည် ဖော်ရန် အခက်အခဲ ရှိနိုင်ကြောင်း ခွန်ဥက္ကာမှ ဆိုပါသည်။
ဆက်လက်ပြီး UNFC အနေနှင့် တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲဖို့ လက်မှတ်ရေးထိုးရန် အတွက် လောလောဆယ်တွင် သဘောထား မပေးနိုင်သေးသော်လည်း ပြောနိုင်သည့် အချက်များမှာ တပြည်လုံး အတိုင်းအတာဖြင့် လက်မှတ် ရေးထိုးရန်အတွက် တိုင်းရင်းသား အင်အားစု ထဲမှ အတွင်း၊ အပြင် ညှိနှိုင်းပွဲများ မလုပ်နိုင်သေးသရွေ့ မည်သူမျှ ပါ၀င် နိုင်မည် မဟုတ်ကြောင်း၊ အကယ်၍ အစိုးရဘက်မှ တရားဝင် ခွင့်ပြုပြီး တိုင်းရင်းသား အားလုံး တွေ့ဆုံ ညှိနှိုင်းပွဲ ပြုလုပ်နိုင်မှသာလျှင် UNFC အနေနှင့် အစိုးရ၏ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းဖက်ကို သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားသည်ဟု ၄င်းက ဆိုပါသည်။