၁၁ နှစ်ကျော်ကြာ ကျောင်းမလာဘဲ ရာထူးတိုးခံရတဲ့ ဆရာမကို ရာထူးနှင့် လစာ ရပ်ဆိုင်း

၁၁ နှစ်ကျော်ကြာ ကျောင်းမလာဘဲ ရာထူးတိုးခံရတဲ့ ဆရာမကို ရာထူးနှင့် လစာ ရပ်ဆိုင်း
by -
နိရဥ္စရာ

နိရဥ္စရာ သတင်းဌာနမှ “ ၁၁ နှစ်ကျော်ကြာ ကျောင်းမလာတဲ့ ရခိုင်က ဆရာမ ရာထူးတိုးခံရ” သတင်း တစ်ပုဒ်ကို ဇွန်လ ၂၉ ရက်နေ့က တင်ပြခဲ့ပါသည်။

Taungupယခု အခါ ၎င်းဆရာမ၏ ရာထူးနှင့် လစာကို ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ပညာရေးမှူးမှ ပြောဆိုသည်ဟု ဇွန်လ ၃၀ ရက်နေ့ဖြင့် ထုတ်သော Yangon Media Group သတင်းတွင် ဖေါ်ပြသည်။

တောင်ကုတ်မြို့နယ် ပညာရေးမှူး ဦးကျန်သိန်းအောင်က ”ခုလောလော ဆယ်တော့ ဒီဆရာမရဲ့ ရာထူးနဲ့ လစာကို ခေတ္တရပ်ဆိုင်းထားပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ ပြည်နယ် ပညာရေးမှူးရုံးကိုလဲ တင်ပြထား ပါတယ်။ ပြည်နယ်က အမိန့်ကိုပဲ နာခံပြီးတော့ ကျွန်တော်တို့ဆက်လက် ဆောင်ရွက်သွားမှာပါ”ဟု ပြောကြောင်း ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ ၁၁ နှစ်ကျော်ကြာ ကျောင်းမတက်ဘဲ လစာ ထုတ်ယူနေခြင်းမှာ စစ်ဆေးရေးအဖွဲ့နှင့် ရုံးအ ဖွဲ့တို့မှ ဂရုတစိုက် စစ်ဆေးဆောင် ရွက်ခြင်းမရှိခဲ့ သည့် အတွက် ဖြစ်ကြောင်း ပညာရေးမှူး ဦးကျန်သိန်းအောင်က ဆက်ပြောသည်ဟု ဆိုသည်။

ဆရာမသည် တောင်ကုတ်မြို့နယ် ဘူးရွှေမော် မူလွန်ကျောင်းသို့ ၂၀၀၂ – ၂၀၀၄ ပတ်ဝန်းကျင် ကတည်းက တာဝန် ကျနေခဲ့သော်လည်း ကျောင်သို့ တစ်ကြိမ် တစ်ခါမျှ မလာဖူးခဲ့ကြောင်း ရွာသားများက ပြောသည်။

ထိုသို့ ကျောင်းမလာဘဲ လစာ ထုတ်ယူခြင်း၊ ရာထူးတိုးမြင့်ခံရခြင်းမှာ ဆရာမသည် ယခုလက်ရှိ အာဏာရ ပါတီ ကြံ့ခိုင်ရေး၏ အမာခံ တစ်ဦးဖြစ်၍ ဖြစ်ကြောင်း တောင်ကုတ်မြို့က နိုင်ငံရေး လူပ်ရှားသူ တစ်ဦးက ပြောသည်။

၎င်းပြင် လက်ရှိ တောင်ကုတ်မြို့နယ်ရှိ ပညာရေးဌာန တာဝန်ရှိသူများ အပေါ်  ကြံ့ခိုင်ရေး ပါတီ၏ သြဇာ လွှမ်းမိုးမူများ ရှိနေသဖြင့် ယခုလို လက်တစ်လုံးခြား လိမ်လည်ကာ ကျောင်းမတက်ဘဲ လစာယူနိုင်ခြင်း ဖြစ်သည်ဟု သူက ပြောကြားသည်။

ဇွန်လ ၂၉ ရက်နေ့ထုတ် နိရဥ္စရာ၏ သတင်းအား ဤလင့်တွင် ဖတ်ရှု့နိုင်ပါသည်။ http://www.narinjara.com/burmese/?p=6162

Most read this week