ပြည်ပသို့ သစ်တင်ပို့မှုတွင် အလုံးလိုက်သာ အများစု တင်ပို့နေရဆဲဖြစ်

ပြည်ပသို့ သစ်တင်ပို့မှုတွင် အလုံးလိုက်သာ အများစု တင်ပို့နေရဆဲဖြစ်
by -
မဇ္ဈိမ

 မြန်မာနိုင်ငံမှ သစ်များကို ပြည်ပသို့ တင်ပို့ရာတွင် သစ်အချောထည်များနှင့် သစ်အလုံး လိုက် တင်ပို့မှု နှစ်မျိုးအနက် သစ်အလုံးလိုက် တင်ပို့မှုက အများဆုံး တင်ပို့နေရကြောင်း သိရသည်။

“ယခုလက်ရှိ သစ်ချောထည် တင်ပို့မှုက သစ်လုံးလိုက် တင်ပို့မှုရဲ့ ၁၀ ပုံ၊ ၁ ပုံခန့်ပဲ ရှိနေပါတယ်။ အလုံးလိုက် ကို အိန္ဒိယ နိုင်ငံက အဓိက ဝယ်ယူနေပါတယ်” ဟု သစ်လုပ်ငန်းရှင်များအသင်းမှ ဦးဘာဘာချို က ပြောသည်။

မြန်မာ့ သစ်တောထွက် ပစ္စည်းများကို အီတလီ၊ ပြင်သစ်၊ အင်္ဂလန်၊ ဒိန်းမတ်၊ အမေရိကန်၊ စင်္ကာပူ စသည့် နိုင်ငံများသို့ တင်ပို့လျက် ရှိသည််။

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်မှ စတင်၍ ပြည်ပနိုင်ငံများသို့ သစ်အလုံးလိုက် တင်ပို့မှုကို တရားဝင် ရပ်ဆိုင်းသွား မည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

“နောကပ်ပိုင်းမှာနှစ်စဉ် သစ်တောက ထွက်ရှိပေါ်မှုတည်ပြီး ပြည်တွင်း လိုအပ်ချက်အတွက်သာ သစ်ထုတ်လုပ် နိုင်ဖို့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကစပြီး သစ် လျှော့ထုတ်လုပ်သွားမှာပါ” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက
ပြောသည်။

ယခင်နှစ်က ကျွန်းသစ် ၂၆၈,၉၀၀ တန်၊ သစ်မာ ၁,၃၉၁,၆၀၀ တန် ထုတ်လုပ်ခဲ့ပြီး ယခုနှစ်တွင် ကျွန်းသစ် ၁၈၆,၆၅၀ တန်၊ သစ်မာ ရ၈၇,၆၀၀ တန် ထုတ်လုပ်ရန် လျာထားကြောင်း သိရသည်။

“သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းလိုက်ရင် သစ်အချောထည်လုပ်ငန်းတွေ ပိုမိုတွင်ကျယ်လာ နိုင်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုပြီး ပေါ်လာနိုင်ပါတယ်။ သစ်လုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ လာမယ့် ၂ နှစ် ၃ နှစ် အတွင်းမှာ စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်ပြီး သစ်လုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်ပါတယ်” ဟု သစ်လုပ်ငန်း လုပ်ကိုင်နေသူ
တောင်ဥက္ကလာပမှ ဦးဆန်းထူး က သုံးသပ်သည်။

Most read this week