မြန်မာနိုင်ငံ အလုပ်သမား လုပ်အားခများ သတ်မှတ်ရာတွင် အစိုးရ သတ်မှတ်ပေးသည့် နှုန်းထားထက် မြန်မာနိုင်ငံ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) ၏ သတ်မှတ်ချက် နှုန်းထားက လက်တွေ့ အခြေအနေနှင့် အကိုက်ညီဆုံး ဖြစ်သည်ဟု အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးဇာနည်သွေးက ဆိုပါသည်။
“ အခု အစိုးရ သတ်မှတ် ပေးထားသည့် မြန်မာ့ လုပ်အားခနှုန်းထားက တစ်လကို ကျပ် (၈၇၀၀၀) ဖြစ်တယ်။ ဖြစ်သင့်တာက (၁၂၀၀၀၀) ကျပ်ဖြစ်တယ်။ ငွေကြေးဖေါင်းပွမှု၊ သယ်ယူ ပို့ဆောင်ရေး စရိတ်၊ ရှားပါးစရိတ် တွေ ပေါင်းထည့်မှ ဖြစ်တော့မယ်။ မဟုတ်ဘူး ဆိုရင်တော့ ဆန္ဒပြမှုတွေ လုပ်အားခ တိုးတောင်းမှုတွေက ဖြစ်နေဦးမှာဘဲ” ဟု ဆိုပါသည်။
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အပိုင်း၌ နိုင်ငံတကာနှင့် ဆက်စပ်နေပါသည်။ နိုင်ငံတစ်နိုင်ငံကို ရင်းနှီးမြှုပ်နှံသည့် အခါ ၄င်းနိုင်ငံ၏ အခြေခံ လုပ်အားခ စံနှုန်းများကိုလည်း သိရှိထားရန် လိုအပ်ပါသည်။ ဤကဲ့သို့ နိုင်ငံတကာနှင့် ဆက်စပ်နေသော လုပ်အားခ စံနှုန်းများကို အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်များပါက စုပေါင်း သတ်မှတ် ရပါသည်။
ဤသို့ကြောင့် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်များ ပါသော ILO က နိုင်ငံတစ်နိုင်ငံ၏ လုပ်အားခများ သတ်မှတ်ရာတွင် ပါ၀င် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်ပါသည်။
“ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ လာတဲ့ အချိန်မှာကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ရဲ့စံချိန်စံနုန်း ဖြစ်တဲ့ သုံးဦးသုံးဖက် အစိုးရ အလုပ်ရှင် အလုပ်သမား ဆွေးနွေး ညှိနိုင်းပြီးတော့ တိုင်းပြည်မှာ အနိမ့်ဆုံး လုပ်အားခတွေ သတ်မှတ် ရမယ်။ အလုပ်သမား ဆိုင်ရာ အခွင့်အရေးနဲ့ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် ဘေးအန္တရာယ် ဆိုင်ရာ အခြေအနေတွေက်ို တိုးတက်မြင့်မားအောင် လုံခြံုတဲ့ လုပ်ငန်းခွင် ဖြစ်ဖို့အတွက် သုံးဦးသုံးဖလှယ် စတင်ပြီးတော့ ဆွေးနွေးတယ်”ဟု ဆိုပါသည်။
မြန်မာနိုင်ငံသည်လည်း ဤကဲ့သို့သော ဆွေးနွေးပွဲမျိုးကို ၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့၌ ပထမဆုံး အကြိမ် ကျင်းပ ခဲ့ပါသည်။ ၄င်းဆွေးနွေးပွဲတွင် မြန်မာ အစိုးရ ကိုယ်စား လှယ်များ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ် ညှိနှိုင်းပြီး မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်အားခ စံနှုန်းကို သတ်မှတ်ရန် ကြိုးစား ခဲ့ကြပါသည်။
အခြေခံ လစာ သတ်မှတ်တဲ့ နေရာ၌ပထမ တစ်ဆင့် အနေဖြင့် ကုန်စျေးနုန်းများ မတည်ငြိမ်သေးသည့် အချိန်တွင်ရှားပါး စရိတ်ပေးရန်၊သယ်ယူ ပို့ဆောင်ရေးကဏ္ဍ မဖွံ့ဖြိုးသေးသည့် အချိန်တွင် လမ်းစရိတ် ထုတ်ပေးရန်သဘောတူထား ပါသည်။ သို့သော်လည်း နှုန်းထား ချမှတ်သည့် အခါ အစိုးရနှင့် အလုပ်ရှင် ကိုယ်စားလှယ်များက အခြေခံ လစာ အဖြစ် ၈၇၀၀၀ ကျပ် သတ်မျတ်ရန် အဆိုပြုပါသည်။ အလုပ်သမား ကိုယ်စားလှယ်များကမူ အခြေခံ လစာကို ၁၂၀၀၀၀ ကျပ်ရရန် တောင်းဆိုခဲ့သည်ဟု ဦးဇာနည်သွေးက ဆိုပါသည်။
သို့သော်နှုန်းထားများကို နှစ်စဉ် ဧပြီလ ၁ ရက်နေ့တိုင်းတွင် လက်ရှိ လည်ပတ်နေသော ကုန်စျေးနုန်း အနေအထား အပေါ် မူတည်ပြီး အနိမ့်ဆုံး လုပ်အားခ မူဝါဒ သတ်မှတ်ချက်ကို ပြန်လည် သုံးသပ်ပြီး လိုအပ်မှုကို ထိမ်းညှိပေးရန် သဘောတူခဲ့ပါသည်။
ဤကိစ္စအား အစိုးရအလုပ်သမား ဝန်ကြီး ဌာနမှ ဦးဆောင်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ အလုပ်သမား ဝန်ကြီး ဌာန၊ အလုပ်ရှင် အစုအဖွဲ့ ကိုယ်စားလှယ်၊ တစ်နိုင်ငံလုံး အလုပ်သမား ကိုယ်စားလှယ်များ ပါ၀င်သော လုပ်နည်းလုပ်ဟန်သည် နိုင်ငံတကာ လုပ်ထုံးဖြစ်ပြီး မြန်မာနိုင်ငံအတွက် ၂၀၁၃ ခုနှစ်မှ မေလမှ စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့ သုံးဦးသုံးဖလှယ်ပါ၀င်သည့် အသေးစိတ် ဆွေးနွေးညှိနိုင်း ထားသည့် သဘော တူညီချက်ကို အနီးဆုံးလွှတ်တော် အစည်းအဝေးသို့ တင်ပြပြီး အတည်ပြုချက် ရယူရပါမည်။ လွှတ်တော်သည် အစိုးရ အလုပ်ရှင် အလုပ်သမားများ ညီညီ ညွတ်ညွတ်နှင့် သေချာဆုံးဖြတ်ပြီး တင်ပြလာသည့် တင်ပြချက်ကို ဥပဒေ အနေဖြင့် ပြဌာန်းပြီး အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် အစိုးရက ဦးစီး ဦးဆောင်ပြုရမည်။ ဤစနစ်မျိုး ထွန်းကားလာပါမှ နိုင်ငံတကာသို့ ၀င်ဆံ့ လာနိုင်သော နိုင်ငံမျိုး ဖြစ်လာပါမည်။
အခြေခံ လုပ်အားခ ကိစ္စကို ILO က ပြဌာန်းချက် အမှတ်၂၆ဖြင့် ပြဌာန်းပြီး တစ်ကမ္ဘာလုံးကို ညှိနှိုင်းခဲ့ပါသည်။ ၄င်းပြဌာန်းချက်သည် နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ အနိမ့်ဆုံး လုပ်အားခ သတ်မှတ်ချက်ကို တိတိကျကျ ရှိရမည်။ နိုင်ငံတိုင်း၏ လူနေမှု အဆင့်အတန်းနှင့် အညီ ကုန်စျေးနုန်းများနှင့် အညီ အလုပ်သမားများသည် ၄င်းတို့ လုပ်အားခ အပေါ်မူတည်ပြီး ၄င်းတို့ ဘဝ တိုးတက်ရာ တိုးတက်ကြောင်း မိသားစုဘဝ အာမခံနိုင်ကြောင်း ရှိစေရန်အတွက်ကို အနိမ့်ဆုံး လုပ်အားခကို တိတိကျကျ စံချိန်စံနုန်းနှင့် ILO ၏ အဖွဲ့ဝင် တိုင်းက လိုက်နာရ မည်ဟု ထုတ်ပြန် ထားပါသည်။