ရက္ခအလင်းတန်းမှ မင်းပြားတွင် ပရဟိတ စာသင်ကျောင်းဖွင့်

ရက္ခအလင်းတန်းမှ မင်းပြားတွင် ပရဟိတ စာသင်ကျောင်းဖွင့်
by -
နိရဥ္စရာ

လူမူရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက် လုပ်ကိုင်နေသော ရက္ခအလင်းတန်း အဖွဲ့မှ ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ရက္ခိတမျိုးဆက်သစ် ပရဟိတ စာသင်ကျောင်း တစ်ခုကို များမကြာမီ ဖွင့်လှစ်လိုက်ခဲ့သည်။

တနင်္ဂနွေနေ့ နေ့လည်ပိုင်းက အခမ်းအနားနှင့် မင်းပြားမြို့ အောက်ရွာပိုင်း ရပ်ကွက်ရှိ တေဇာရာမ ကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Arakan-new-generation-school

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခု ဖြစ်ပြီး ဆင်းရဲမွဲတေမှုကြောင့် ကျောင်းမတက်နိုင်သော ကလေးအရေအတွက် တစ်စထက် တစ်စ တိုးပွားလာနေသဖြင့် ယခုကဲ့သို့ ပညာရေး အထောက်အကူပြု ပရဟိတ စာသင်ကျောင်း တစ်ခုကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရက္ခအလင်းအဖွဲ့မှ ဒေါ်မာမာကျော်ဇောက ယခုကဲ့ သို့ပြောသည်။

“အဓိကတော့ ရခိုင်ပြည်နယ်တခုလုံးမှာ စာမသင်ရတဲ့ ကလေးတွေမရှိရအောင် ကလေးတွေအားလုံး ပညာ သင်ကြားနိုင်အောင် ရည်ရွယ်ပြီး ဖွင့်တာဖြစ်တယ်။ မြန်မာနိုင်ငံမှာ အခုအထိ ကလေး ၂၀ ရာခိုင်နှုန်းက ပညာ မသင်နိုင်သေးဘူးလို့ သိရပါတယ်။ ဒီတော့ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ပိုဆိုးနေတာပေါ့။ ခုဆို ကျောင်းမ တက်နိုင်တဲ့ ကလေးတွေက ပိုများလာကြတယ်။ ဒါကြောင့်ကလေးတွေအားလုံး တပြေးညီ ပညာသင်ကြားနိုင်အောင် ကျမတို့ ကြိုးစားနေတာဖြစ်တယ်” ဟု ဆိုသည်။

ကျောင်းဖွင့်ပွဲ အခမ်းအနားသို့ မြို့မိ မြို့ဖများ၊ ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များနှင့် မြို့ခံလူထု ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

ရက္ခိတမျိုးဆက်သစ် ပရဟိတ ကျောင်းတွင် ယခုလက်ရှိ ကျောင်းသားဦးရေ ၁၁၅ ဦးရှိပြီး သူငယ်တန်းကနေ ၄ တန်းအထိ ဆရာ ၂ ဦး ဆရာမ ၂ ဦးနှင့် စာသင်ကြားပေးနေသည်ဟု သူမက ဆိုသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်တခုလုံး အတိုင်းအတာအားဖြင့် ကျောင်းမတက်နိုင်ဘဲ ဖြစ်နေသည့် ကလေးငယ် အရေအတွက်မှာ သောင်းဂဏန်းနှင့် ချီပြီး ရှိနေကြောင်း ခန့်မူများ ထွက်ပေါ်နေ သည်ဟု ဒေါ်မာမာကျော်ဇောက ဆက်လက် ပြောဆိုသည်။

ယခု ဖွင့်လှစ်သောာ ကျောင်းကို ၂၀၁၀ ခုနှစ်က တေဇရာမ ဆရာတော်နှင့် မင်းပြားမြို့ခံများက တပိုင်တနိုင် စာသင်ဝိုင်း အဖြစ် စတင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ရက္ခအလင်းတန်းအဖွဲ့မှ ကျပ်သိန်း ၃၀ ခန့် တန်ဖိုးရှိ သင်ထောက်ကူပစ္စည်များ မတည်လှူဒါန်းပြီးနောက် ကျောင်းကို ယာယီမှ အမြဲတန်း ကျောင်း အဖြစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

Most read this week