အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် တိုင်းရင်းသား အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အတွက်ကြောင့် မူးယစ်ဆေးဝါးများ ထိန်းချုပ်ရန် အခက်အခဲ ရှိနေရခြင်း ဖြစ်ကြောင်း ယနေ့ ကျရောက်သော အပြည်ပြည် ဆိုင်ရာ မူးယစ် အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။
“ ကျနော်တို့ဆိုရင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ကို ဒီနှစ်မှာ အခမ်းအနားနဲ ့ ပြုလုပ်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်မှာ ခုထိ အစိုးရဖက်က ပူးပေါင်းမှု အပိုင်း မရှိသေးတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ဘာမှ အကောင်အထည် ဖော်လို့မရတဲ့ အတွက်ကြောင့်ဖြစ်တယ်။ တပ်စခန်း လောက်မှာဘဲ အခမ်းအနားလုပ်မှာပါ” ဟု ဆိုပါသည်။
အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငယ်များဖြင့် ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိကြောင်း၊ ၄င်းတို့သည် UNODC အဖွဲ့နှင့်သာ လုပ်လိုကြောင်း၊ တိုင်းရင်းသား အဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင််လျှင် အဆင့်အတန်း ပေးလိုက် မိသလိုဖြစ်နေ မည်ကို စိုးရိမ်နေကြဟန် ရှိကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။
RCSS သည် မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရန် အပစ်အခတ် ရပ်စဲစဉ် ကတည်းက အဆိုပြုထားသော်လည်း ယနေ့အထိ အကောင်အထည်ဖေါ်ခြင်း မရှိသေးပေ။ ကုလ သမဂ္ဂမူးယစ် တိုက်ဖျက်ရေး အဖွဲ့ (UNODC) ကမူ မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင် RCSS ၏ ပါ၀င်မှုကို လိုလားသည်ဟုဆိုပါသည်။
အလားတူ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး( PSLF) သည်လည်း တအာင်းဒေသ မူးယစ်ဆေးဝါး ပပျောက်ရန် စီမံကိန်းချပြီး လုပ်ဆောင်နေသည်ဟု အတွင်းရေးမှူး ဖြစ်သူ တာ့အိုက်ဖုန်းက ဆိုပါသည်။
“ အစိုးရကတော့ သူတို့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ပြတာဟာ နှစ်တိုင်း လုပ်နေကျပါ။ ဒါပေမယ့် နိုင်ငံ တကာကို ပြစား ဖို့ အတွက် လောက်ဘဲဖြစ်မယ်။ ဘာကြောင့်ပြော ရသလဲ ဆိုရင် တအာင်း ဒေသမှာက မူးယစ်ဆေးဝါး ဖြန့်ဖြူးနေတဲ့ သူတွေဟာ သူတို့ရဲ့ ပြည်သူ့စစ်တွေ၊ ဥပမာ ပန်ဆေးကျော်မြင့်ဆိုရင် အစိုးရရဲ့ ပြည်သူ့လွှတ်တော် အမတ်တောင် ဖြစ်နေတယ်။ ဒါကိုကြည့်ရင် သိသာပါတယ်။ ဒီတော့ အစိုးရကိုယ်၌က မူးယစ်စိုက်ပျိုး ရောင်းချနေတဲ့ သူတွေကို အားပေးနေတယ်” ဟု ဆိုပါသည်။
PSLF ၏ မှတ်တမ်း များအရ ပြီးခဲ့သည့် (၂၀၁၂) ခုနှစ်တွင် တအာင်းဒေသ၏ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် စိုက်ပျိုး မြေ၏ ၆၀ ရာနှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၈၀ ရာခိုင်နှုန်း အထိ တိုးလာခဲ့ပါသည်။ ဤသည် (၁၀)စုနှစ် အတွင်း (၆)ရာ နှုန်းသာ ရှိခဲ့ရာမှ တိုးလာခြင်း ဖြစ်ပါသည်။
ဤသို့သော အခြေအနေ များကြောင့် PSLF သည် ၂၀၁၁ ခုနှစ်မှ စပြီး ဘိန်းတိုက်ဖျက်ရေး အတွက် (၅)နှစ် စီမံကိန်း တရပ် အကောင်အထည် ဖေါ်ခဲ့ပါသည်။ သို့သော် ဘိန်းစိုက်ပျိုးမှုကို အစိုးရပြည်သူ့စစ် အဖွဲ့ များနှင့် ဒေသခံ တပ်များက အကာအကွယ် ပေးနေသဖြင့် မကြာခဏ ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း ဆိုပါသည်။
PSLF သည် ဘိန်းစိုက်ပျိုးသူ တောင်သူများအား ပညာပေးခြင်း၊ ဘိန်းခြံများနှင့် ဘိန်းချက် စက်ရုံများ ဖျက်ဆီးခြင်းနှင့် ရောင်းဝယ် ဖေါက်ကားသူများကို အရေးယူခြင်းနည်းဖြင့် တိုက်ဖျက်နေပါသည်။ သို့သော် PSLF လက်လှမ်း မမှီသော နေရာများ၌ ဘိန်းသုံးစွဲမှုများ ပိုမို တိုးတက် လာကြောင်း ဆိုပါသည်။
ထို့အတူ ကယားပြည်နယ်တွင်လည်း ကယောနှင့် ကယန်း လူမျိုးများ နေထိုင်သော ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်တွင် ဘိန်းစိုက်ပျိုးကြသည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဒုတိယ ဥက္ကဌ ခူဦးရယ်က ဆိုပါသည်။
ဘိန်းစိုက်ပျိုးမှုသည် ၀င်ငွေကောင်းသော လုပ်ငန်း ဖြစ်သဖြင့် အလုပ်အကိုင် ရှားပါးသော မိသားစုများအတွက် ငွေရ လွယ်သော လုပ်ငန်းမျိုး ဖြစ်နေသောကြောင့် စိုက်ပျိုး ထုတ်လုပ်မှု အပိုင်းတွင် တဖြည်းဖြည်း များလာနေကြောင်း ဆိုပါသည်။
“ တိုက်ဖျက်ရေး အပိုင်းမှာက ကျနော်တို့နဲ့အစိုးရ ပူးပေါင်းပြီးတော့ ဘယ်တော့ စပြီး တိုက်ဖျက်နိုင်မလဲ ဆိုတဲ့ အပေါ်မှာ အရေးကြီးနေတာပါ။ ခက်တာက အစိုးရ ဘက်ကလည်း အရေးယူ ဆောင်ရွက်တဲ့ အပိုင်းမှာ သူတို့ပဲ ကိုင်တွယ်ချင်တဲ့ သဘောမှာ ရှိနေပါတယ်။ ဒီနေရာမှာ ပြောချင်တာက UNODC နဲ့ အစိုးရနဲ့ ကျနော်တို့ ပူးပေါင်း အကောင်အထည်ဖေါ်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ” ဟု ဆိုပါသည်။
KNPP သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ စီမံကိန်းကို (၅) နှစ်မှ (၁၀) နှစ်အထိ လျာထားကြောင်း ဆိုပါသည်။ ကယားပြည်နယ်၏ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ၁၉၉၆- ၉၇ ခုနှစ်က စတင် စိုက်ပျိုးလာရာ တဖြည်းဖြည်း များပြားလာသကဲ့သို့ သုံးစွဲသူ လူငယ်များလည်း များပြား လာသည်ဟု ဆိုပါသည်။
အလားတူ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နယ်မြေတွင်လည်း ဘိန်းစိုက်ပျိုးမှုများ တိုးလာနေသည့် အတွက် အပစ်အခတ် ရပ်စဲပြီးနောက် ပိုင်း တိုက်ဖျက်ရန် အစိုးရနှင့် ညှိနှိုင်းခဲ့သော်လည်း လက်တွေ့ အကောင် အထည် မဖေါ်နိုင်သေးကြောင်း ဆိုပါသည်။
အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားများကို နှစ်စဉ် ကျင်းပ လာခဲ့ပါသည်။ အစိုးရ၏ တိုက်ဖျက်မှုများသည်လည်း အပြသဘောသာဖြစ်ပြီး လူမျိုးစု လက်နက်ကိုင် အဖွဲ့များကိုသာ လက်ညှိုးညွှန် စွပ်စွဲနေခဲ့ပါသည်။ ဤသို့ကြောင့် အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်မှုအစီစဉ် သည် UN ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရံပုံငွေ ရယူရေးကိုသာ ဦးတည် ဆောင်ရွက် ခဲ့ခြင်းသာ ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ဆိုကြပါသည်။