စစ်ရေးကိစ္စ လူထုကျေနပ်အောင် အသိပေးသွားမည် KNPP ပြော

စစ်ရေးကိစ္စ လူထုကျေနပ်အောင် အသိပေးသွားမည် KNPP ပြော
by -
ကန္တာရဝတီတိုင်း(မ်)

ငြိမ်းချမ်းရေးတွေ့ဆုံပွဲမှာ တခါးပိတ်ဆွေးနွေးခဲ့ရတဲ့ စစ်ရေးကိစ္စရပ်တွေရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ် တိုးတက်မှု အခြေအနေတွေကို ပြည်သူလူထုအကြား အသိပေးသွားမှာဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကပြောပါတယ်။

အစိုးရနဲ့ KNPP ဒုတိယအကြိမ် ပြည်ထောင်စုအဆင့်တွေ့ဆုံပွဲမှာ တခါးပိတ်ဆွေးနွေးခဲ့ရတဲ့ တပ်နေရာ ချထားရေးနဲ့ အမှတ်-၁၄ စစ်သင်တန်းကွင်းကိစ္စရပ် နှစ်ခုအပေါ် "အပြုသဘောဆောင် တိုးတက်မှုရှိကြောင်း" နှစ်ဦးနှစ်ဘက်က အသိအမှတ်ပြုခဲ့ကြပေမဲ့ ဒီထက်တိကျတဲ့ သဘောတူညီ ဆုံးဖြတ်ချက်တွေ မချပြနိုင်ခင်မှာ ယခုလိုပြောဆိုလာတာပါ။

"ကျနော်တို့ထွက်လာမဲ့အဖြေက တိတိကျကျဖြစ်လာမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ လူထုကို အသိပေး လျှောက်ကြားမှာပါ။ တချို့ကိစ္စတွေက အချိန်ယူပြီးတော့ ကျနော်တို့ ညှိနိုင်း ဆောင်ရွက်ရမယ်ပေါ့နော်။ ဆောင်ရွက်ရမယ် လုပ်ဆောင်ရမယ် ဆိုတဲ့ဟာမျိုးတွေ ရှိတဲ့အခါကျတော့ အခုနေခါမှာ ကျနော်တို့ဒါတွေ သဘောတူပါတယ်။ ကျနော်တို့ ဒါတွေလုပ်မယ်လို့ ကျနော်တို့က တချက်တည်းအများကို သတိပေးလိုက် တာမျိုး မဖြစ်အောင်ပါ" လို့ KNPP ဒု-ဥက္ကဌ ခူဦးရယ်က ပြောပါတယ်။

ကယား(ကရင်နီ)ပြည်နယ်အတွင်း ယခင်စစ်အစိုးရလက်ထက်ကတည်းက ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ဒကစ-လက်အောက်ခံတပ်ရင်းများ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၇ လက်အောက်ခံတပ်ရင်းများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မ-၅၅ လက်အောက်ခံတပ်ရင်းများ ချထားသလို အမှတ်-၁၄ စစ်သင်တန်းကွင်း ကိုလည်း လက်ရှိအရပ်သားအစိုးရလက်အောက်မှာ လုပ်ဆောင်နေတဲ့အတွက် ရှုပ်ထွေးနေသေးတဲ့ စစ်ရေးကိစ္စရပ်တွေကို အသေးစိတ် ဆက်လက် ဆွေးနွေးသွားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

"လူထုတွေကျေနပ်လောက်အောင်တော့ ကျနော်တို့ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့နော်။ တချက်တည်း အရဲအစွန်းမလိုက်နိုင်တဲ့ အခြေအနေမှာတော့ ကျနော်တို့  ကတိပေးတာမျိုးတွေတော့ မလုပ်ချင်လို့ပါ ။ လူထုတွေကလဲ အကြောင်းစုံ မသိတဲ့အခါကျတော့ အထင်မြင်တမျိုး ဖြစ်မှာစိုးလို့ ကျနော်တို့ စိုးရိမ်တာပါ"လို့ ခူဦးရယ်က ဆက်ပြောပါတယ်။

၂၀၁၂ခုနှစ် ဇွန်လ ၉ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲမှာ KNPP ဘက်မှ တင်ပြထားတဲ့အချက် ၂၀ ထဲမှ ၁၄ ချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပေမဲ့ တပ်ကိစ္စမပါခဲ့ပါဘူး။

ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို လွိုင်ကော်မြို့ တပ်နယ်ခန်းမမှာ ဇွန်လ ၁၉ရက်မှ ၂၀ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အချက် ၈ ချက်ဖြင့် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ကျန်ရှိနေသေးတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို နောက်တကြိမ် ထပ်ဆွေးနွေးရန် သဘောတူခဲ့ပါတယ်။