လာမည့် ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေ ဖြန့်ချီ တော့မည့် TIME မဂ္ဂဇင်း အတွဲ (၁၈၂) အမှတ် (၁) ၏ ရှေ့ မျက်နှာဖုံးတွင် ဗုဒ္ဓဘာသာ အကြမ်းဖက် သမားဟု အဓိပ္ပာယ် ရသော (THE FACE BUDDHIST TERROR) အဖြစ် စွပ်စွဲ ဖော်ပြ ထားခြင်း အပေါ် ရခိုင်နှင့် ရှမ်း ပါတီ များက အသီးသီး ကန့်ကွက် လိုက်ကြောင်း ပြောရေး ဆိုခွင့် ရှိသူများက ဆိုပါသည်။
TIME မဂ္ဂဇင်း မျက်နှာဖုံး ဆောင်းပါး ဖော်ပြချက်ကို ရခိုင် တိုင်းရင်းသား တိုးတက်ရေး ပါတီ (RNDP) နှင့် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့က အသီးသီး ကန့်ကွက်ကြပြီး ကြေငြာချက် ထုတ်ပြန် ခဲ့ကြပါသည်။
“ဆရာတော် ဦးဝီရသူဟာ မိမိ နိုင်ငံ အမျိုးသားရေးကို ဗုဒ္ဓ သားတော် တစ်ဦး ပီပီ အမျိုး၊ ဘာသာ၊ သာသနာ အတွက် စွန့်စွန့် စားစား ဆောင်ရွက် တော်မူတဲ့ ရဟန်းတော် တစ်ပါး ဖြစ်တယ်။ ဒီလို ရဟန်းတော်ကို အရှိန် အဝါ ကြီးတဲ့ မဂ္ဂဇင်း တစ်စောင်က အကြမ်းဖက် သမားလို့ စွပ်စွဲ လိုက်တာကို ကျွန်မ အနေနဲ့ ကန့်ကွက်တယ်” ဟု RNDP ဗဟိုကော်မတီ အဖွဲ့ဝင် ဒေါ်အေးနုစိန် က ပြောသည်။
ထို့အပြင် ဆရာတော် ဦးဝီရသူသည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက်ခဲ့သော ဘင်္ဂါလီ ဆူပူမှု အရေး အခင်းတွင် ဆုံးရှုံး ပျက်စီး ခဲ့ရသော ရခိုင်ပြည်သူ များအတွက် ပံ့ပိုး ကူညီ ခဲ့သည့် ရဟန်းတော် တစ်ပါး ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ပြည်ထောင်စု မြန်မာ နိုင်ငံသည် မိမိတို့ နှစ်သက် ယုံကြည်ရာ ဘာသာ တရားကိုု လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ပြုထားသော နိုင်ငံဖြစ်သည်။ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဘာသာပေါင်းစုံ ချစ်ကြည် ရေးကို ရှေ့ ရှု၍ ကန့်ကွက် ရခြင်း ဖြစ်သည်ဟုလည်း ပါရှိသည်။
၄င်းအပြင် မိတ္ထီလာ ဖြစ်စဉ် အတွင်း တွင်လည်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့် အတူ အကြမ်းဖက် မှုများ ရပ်တန့် စေရန် ဆော်သြ တော်မူ ခဲ့သည်ကို TIME မဂ္ဂဇင်းက ဖော်ပြခြင်း မရှိသည့် အတွက် စတုတ္ထ မဏ္ဍိုင် ကျင့်ဝတ်နှင့် မညီဟု RNDP မှ ပြင်းထန်စွာ ရှုတ်ချထားပါသည်။
အလားတူပင် ရှမ်းတိုင်းရင်းများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ကလည်း ဇွန်လ ၂၅ ရက်နေ့ ရက်စွဲနှင့် ကန့်ကွက်စာ တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။
“ဘုန်းကြီး တစ်ပါးကို အကြောင်း ပြုပြီး ကျန်တဲ့ ဗုဒ္ဓဘာသာဝင်တွေ အားလုံး ထိခိုက် သွားမှာ စိုးလို့ပါ။ ဗုဒ္ဓဘာသာ ဘုန်းကြီး ဖြစ်တဲ့အတွက် အကြမ်းဖက်သမား မဖြစ်နိုင်ဘူး။ အကြမ်းဖက်တဲ့ လုပ်ရပ်တွေလည်း လုံးဝ လုပ်မှာ မဟုတ်လို့ပါ” ဟု SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် က ဆိုပါသည်။
SNLD ၏ ထုတ်ပြန်ကြေညာချက်သည် ဇွန်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်၏ ဗဟို အလုပ်မှုဆောင် ၈ ဦး တို့က အစည်းအဝေး ထိုင်ပြီး ဆုံးဖြတ် ခဲ့ကြခြင်း ဖြစ်သည်ဟု စိုင်းညွန့်လွင်က ဆိုပါသည်။
TIME မဂ္ဂဇင်း၏ လုပ်ရပ်သည် ဘာသာ တရား အားလုံး၏ မွန်မြတ် မှုကို တလွဲ အသုံးချရာ ရောက်စေသည့် အပြင် ဗုဒ္ဓဘာ သာကို ယုံကြည် ကိုးကွယ်သူ အများဆုံး နေထိုင်သည့် မြန်မာ နိုင်ငံအား ကမ္ဘာ့ ပြည်သူများက အကြမ်းဖက် မှုနှင့် ယှဉ်တွဲ ၍ ထင်မြင် သွားစေနိုင် သည့်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြင်းထန်စွာ ကန့်ကွက် လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။