ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒဲကျွန်း ဒေသရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းပြုလုပ် နေသည့် ဧရိယာအတွင်းရှိ ဒေသခံ တို့ ဆန္ဒဖော်ထုတ် တောင်းဆိုထားသည့် အချက်များမှ လမ်းဖောက်လုပ် ရေးနှင့် လျှပ်စစ်မီး ရရှိရေးအချက်တို့ကို စတင်ဆောင်ရွက်နေပြီဖြစ်သည်ဟု ဒေသဖွံ့ဖြိုးရေး တောင်းဆိုမှုတွင် ဦးဆောင်ခဲ့သူ ဒေသခံ ကိုထွန်းကြည်က မဇ္စျိမသို့ ပြောသည်။
ဧပြီလအတွင်းက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည့် အချက် ကိုးချက်မှ နှစ်ချက်ကို စတင် လုပ်ဆောင်ပေး နေခြင်းဖြစ်ကာ ဇွန်လအတွင်းတွင် လမ်းနှင့် မီး ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။ ဒေသဖွံ့ဖြိုးရေးအတွက် တောင်းဆိုထားသည်များကို ကျပ် သိန်း ၂၄ဝဝ နီးပါး အကုန်ကျခံ လုပ်ဆောင်ပေးမည်ဟု ကြားသိရသည်ဟုလည်း ၎င်းက ဆိုသည်။
ကိုထွန်းကြည်က '' ဒီလထဲမှာ ကျောက်ဖြူက ကန်ထရိုက်သမားတွေ ဆင်းလာပြီး ကျွန်တော်တို့ ဒေသ အသီးသီးကို ချိတ်ဆက်ဖို့ လမ်းတွေ ဖောက်ပေးနေပြီ၊ အခုက အကြမ်းဖျင်းတော့ ပြီးနေပြီ၊ အရှည်က သုံးမိုင်လောက်တော့ ရှိမယ်၊ လမ်းအပါအဝင် လျှပ်စစ်မီးအတွက်လည်း လုပ်ပေးနေပါတယ်၊ ဒါပေမဲ့ အရေးကြီးတဲ့ ခုနှစ်ချက်လည်း ကျန်နေသေးတယ်'' ဟု ဆိုသည်။
ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်းဆိုရာတွင် စီမံကိန်းကြောင့် သိမ်းဆည်းထားသည့် လယ်ယာမြေ ဧက ၁ဝဝ ကျော်ကို ပြန်ပေးရန်နှင့် ပြန်မပေးပါက လျော်ကြေးငွေပေးရန် ပါဝင်သည်။ ယင်းအပြင် လယ်ယာမြေ သိမ်းဆည်းခံရသူ အလုပ်လက်မဲ့ များကို စီမံကိန်းတွင် ပြင်ပ အလုပ်သမားများထက် အလုပ်အကိုင်များ ဦးစားပေးချပေးရန်၊ စီမံကိန်းတွင် မလုပ်ကိုင်နိုင် သည့် သူများကို ကျွန်းပတ်လည်တွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခွင့် ပြန်ပေးရန် စသည်တို့ ပါဝင်သည်။
ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေခြင်းနှင့် ပတ်သက်ပြီး ဒေသခံ ကိုမောင်အေးက ''ကျေးရွာ ငါးရွာကို ချိတ်ဆက်ပေးဖို့ လမ်းတွေကို လိုက်တိုင်းတာတွေလည်း တွေ့ရတယ်၊ အခု မိုးတွင်းမှာ ရေကျော်နိုင်တဲ့
နေရာတွေကိုလည်း အဆင်ပြေအောင်
လိုက်လုပ်ပေးနေတာ တွေ့တယ်၊ လျှပ်စစ်မီးမှာလည်း လျှပ်စစ်ဝန်ကြီးဌာနက တိုင်တွေထောင်ပေးဖို့ မြေယာ လိုက်လံ တိုင်းတာနေတာတွေ လုပ်နေတယ်'' ဟု ဆိုသည်။
ယင်းစီမံကိန်းမှာ ယခင် အစိုးရ လက်ထက် ၂ဝဝ၉ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းသို့ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရှမ်းပြည်နယ်တို့ကိုလည်း ဖြတ်သန်းသွားပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ တင်ပို့မည့် စီမံကိန်းဖြစ်သည်။ ယင်းစီမံကိန်းကို တရုတ်နိုင်ငံ CNPC ကုမ္ပဏီမှ ဦးဆောင် လုပ်ကိုင်ခြင်း ဖြစ်သည်။ ပိုက်လိုင်း စုစုပေါင်း အရှည် ရ,၆၇၆ ကီလိုမီတာ အနက် ၁,၅ဝ၄ ကီလိုမီတာသည် မြန်မာနိုင်ငံအတွင်းဖြတ်သန်းသည်။
ယင်းဒေသ ဖွံ့ဖြိုးရေးအတွက် တောင်းဆိုမှုများကို ဧပြီလအတွင်းက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ယင်း ဆန္ဒပြပွဲတွင် ခေါင်းဆောင်သူ ၁ဝ ဦးတို့ကိုလည်း မဒဲကျွန်း ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမှုများ
ပြုလုပ်ထားသည်။
ပိုက်လိုင်းကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများအား အမြဲတမ်း မြေယာသိမ်းယူခြင်းအတွက် မြေယာသီးနှံ
ပေါက်စျေး၏ ငါးဆနှင့် ယာယီသိမ်းဆည်း မြေယာများအတွက် သုံးဆကို ပေးလျော်ပြီးဖြစ်ကြောင်းနှင့် စီမံကိန်းသက်ရောက်ရာ ဒေသများတွင် လျှပ်စစ်ရရှိစေရန် သက်ဆိုင်ရာ စီမံကိန်းပါဝင်နေသည့် ကုမ္ပဏီများမှ အမေရိကန် ဒေါ်လာ ဆယ်သန်းအား မြန်မာလျှပ်စစ် ဓာတ်အားလုပ်ငန်းသို့ ပေးပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့မှ မေလအတွင်းက ပြောကြား
ပြီးဖြစ်သည်။