ဇင်းကျိုက်ရေတံခွန်ကို အဆင့်မြင့် အပန်းဖြေစခန်းအဖြစ် လုပ်ဆောင်မည်

ဇင်းကျိုက်ရေတံခွန်ကို အဆင့်မြင့် အပန်းဖြေစခန်းအဖြစ် လုပ်ဆောင်မည်
by -
မဇ္စျိမ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာရှိ ဇင်းကျိုက်ရေတံခွန်ကို အဆင့်မြင့် အပန်းဖြေစခန်းအဖြစ် လုပ်ဆောင်မည်ဟု မွန်ပြည်နယ် စီမံ/စီးပွားရေးဝန်ကြီးက ပြောသည်။

''ဇင်းကျိုက်ရေတံခွန်ဟာ အခုဆိုတော်တော် ညစ်ပတ်နေပြီ။ ရေရှည်တည်တံ့ဖို့အတွက် မစဉ်းစားကြဘူး။ ဒါကို အဆင့်မြင့် အပန်းဖြေစခန်းအဖြစ် လုပ်ဖို့ ဝန်ကြီးချုပ်ကို တင်ပြတယ်။ ဝန်ကြီးချုပ်ကလည်း ခွင့်ပြုတယ်ဆိုတော့ လုပ်ဆောင်ဖို့ပဲ ကျန်တော့တယ်'' ဟု စီမံ/စီးပွားရေးဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောသည်။ ဇင်းကျိုက် အဆင့်မြင့် အပန်းဖြေစခန်း လုပ်ဆောင်ရာတွင် တင်ဒါခေါ်ပြီး လုပ်ဆောင်မည်မဟုတ်ဘဲ ဒေသခံတို့၏ အကျိုးစီးပွားအတွက် ဒေသခံတို့နှင့်သာလုပ်ဆောင်ရန် စီစဉ်ထားကြောင်း လုပ်ငန်းအကောင်အထည် ဖော်ရန်အတွက် အစည်းအဝေးထိုင်ပြီးပါက စီမံချက်အသစ်ပြန်ဆွဲမည် ဟု သူက ပြောသည်။

ဇင်းကျိုက်ရေတံခွန် ရှေရှည်တည်တံ့ဖို့အတွက်နှင့် ရေတံခွန်တစ်ဝိုက်သဘာဝ တော တောင်အလှများကိုလည်း ထိန်းသိမ်းစောင့် ရှောက်နိုင်ရန်အတွက် စီမံဆောင်ရွက်သွား မည်ဖြစ်သည်။ ဇင်းကျိုက်ရေတံခွန်သည် မွန်ပြည်နယ်အတွင်း နာမည်ကြီးသည့် ရေတံခွန်တစ်ခုဖြစ်ပြီး မိုးတွင်းကာလတွင် မွန်ပြည်နယ်၊ အနယ်နယ် အရပ်ရပ်မှ ရေလာကစားကြသည့် ဧည့်သည်တော်များဖြင့် စည်ကားလျက် ရှိသည်။ စနေ၊ တနင်္ဂနွေနေ့များ တွင် ရေလာကစားသည့် လူပေါင်းထောင်နှင့်ချီရှိသည်ဟု ဒေသခံတို့က ပြောသည်။

ဇင်းကျိုက်ရေတံခွန်ကိုသာ အဆင့်မြင့် အပန်းဖြေစခန်းအဖြစ် လုပ်ဆောင်လိုက်မည်ဆိုပါက မွန်ပြည်နယ် အတွက်သာမက မွန်ပြည်နယ်အတွင်းသို့ လာရောက်လည်ပတ်လာမည့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် များအတွက်လည်း စိတ်ဝင်စားစရာနေရာ တစ်ခုဖြစ်လာမည်ဟု ဇင်းကျိုက်ရွာခံ တစ်ဦး ပြောသည်။

Most read this week