ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ စစ်တွေတွင် လူထုနှင့်တွေ့ဆုံ

ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ စစ်တွေတွင် လူထုနှင့်တွေ့ဆုံ
by -
နိရဥ္စရာ

ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ (ယာယီ)မှ တာဝန်ရှိသူများသည် ညီလာခံ ဖြစ်မြောက်ရေး အတွက် ယခုအခါ ရခိုင်လူထုနှင့် တွေ့ဆုံ ဆွေးနွေးမူများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

River Valley Restaurant ပြုလုပ်သော ဆွေးနွေးပွဲ။

ဇွန်လ ၂၃ ရက် တနင်္ဂနွေနေ့က စစ်တွေမြို့ River Valley Restaurant တွင်  ညီလာခံ ဖြစ်မြောက်ရေး အတွက် ဆွေးနွေးပွဲ ပြုလုပ်ရာ စစ်တွေမြို့မှ နိုင်ငံရေး သမား  ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

“ ဦးဦးလှစော ပြောတာကတော့ ဒီနှစ် စောစောပိုင်းက ထိုင်းနိုင်ငံ ချမ်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်အင်အားစုများရဲ့ အလုပ်ရုံ ဆွေးနွေးပွဲက ရခိုင်အမျိုးသားရေးကို လွှမ်းခြံု ကိုယ်စားပြုနိုင်တဲ့ ညီလာခံ တစ်ခု ဖြစ်မြောက်ရေးအတွက် အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ အခုအဲဒီ ညီလာခံကို ကျင်းပနိုင်ရေး အတွက် အကြံအဉာဏ်တွေ ရယူလိုတဲ့ အတွက် တွေ့ဆုံရတာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဦးစံကျော်လှက ပြောသည်။

ဆွေးနွေးပွဲကို ဦးသာဘန်းမှ ရခိုင်အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အဖွဲ့ (ယာယီ) ကို ကိုယ်စားပြု ဖိတ်ကြားခြင်း ဖြစ်သည်။

“ သူတို့ဆွေးနွေးထဲ အထဲမှာ အခုက RNDP နဲ့ ALD ကလည်း ပေါင်းစည်းသွားခဲ့ပြီ။ ဒါကြောင့် ပြည်တွင်းမှာ နိုင်ငံရေး ပါတီ အဖွဲ့အစည်းတွေ၊ ရခိုင်တတ်သိ ပညာရှင်တွေ၊ ပြည်ပမှာ ရှိနေကြတဲ့ ရခိုင်လက်နက်ကိုင် ပါတီတွေက ကိုယ်စားလှယ်တွေ အကုန်လုံး စုဆုံပြီး ညီလာခံ တစ်ခု လုပ်သွားမယ်။ အဲဒီညီလာခံမှာ ရခိုင်နဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်တွေ ရှာဖွေသွားမယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

ယခု ရခိုင်အမျိုးသား ညီလာခံမှာ ၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ထိုင်းနိုင်ငံ ချမ်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသား အလုပ်ရုံ ဆွေးနွေးပွဲမှ ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်များ ထဲမှ အမျိုးသား ညီလာခံ ကျင်းပရေး သဘောတူညီချက်ကို ဆက်လက် အကောင်အထည် ဖေါ်ရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်သည်။

ယခု လူထု ဆွေးနွေးပွဲကို ဦးသာဘန်း၊ ဦးဦးလှစောတို့မှ ဦးဆောင် လုပ်ကိုင်နေကြခြင်း ဖြစ်ပြီး ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်မြို့စသည့် မြို့များတွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်နေ့ကလည်း ရခိုင် အမျိုးသား ညီလာခံ ဖြစ်မြောက်ရေး အတွက် ရသေ့တောင်တွင် လူထု တွေ့ဆုံပွဲတစ်ခုကို ဦးဦးသာဘန်းနှင့် ဦးဦးလှစောတို့က ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

Most read this week