ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း တိုးတက်မှုရှိတယ်လို့ အကျိုးတော်ဆောင်အဖွဲ့ သုံးသပ်

ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း တိုးတက်မှုရှိတယ်လို့ အကျိုးတော်ဆောင်အဖွဲ့ သုံးသပ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း အခြေအနေမှာ တိုးတက်မှုရှိကြောင်း ကယားပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ မှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် ဒုတိယaအကြိမ် တွေ့ ဆုံဆွေးနွေးပွဲအပြီး ယခုလို သုံးသပ် ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရရှိပြီးသည့် နှစ်ပေါင်း ၆၀ ကျော်အတွင်း တိုင်းရင်းသားလက်နုက်ကိုင်အဖွဲ့ အစည်းများနှင့် အစိုးရတို့ ပြည်တွင်းစစ်များ ဖြစ်ပွားနေကြလျက်ရှိရာ ယခုအချိန်မှသာလျှင် ကျေးရွာအတွင်းလွတ်လပ်စွာ သွားလာပြောဆိုပိုင်ခွင့်များ ရရှိလာခဲ့တယ်လို့ ကယားပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးစဲရယ်လှဖေက ပြောသွားပါတယ်။  

“ကျနော်တို့ ဒီလွတ်လပ်ရေးရပြီးတဲ့ ဒီ ၆၆ နှစ်မှာ ၆၅ နှစ်မှာ ကျနော်တို့ ဒီ ဟာ မအေးချမ်းခဲ့ဘူး၊ အခုနောက်ဆုံုး KNPP ထွက်လာတဲ့ချိန်ကျမှပဲ ကျနော်တို့အခုဆိုရင် ကျနော်တို့ ကျေးရွာတွေမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ နောက်ပြောရေး ဆိုခွင့်လည်း လွတ်လွတ်လပ်လပ် ပြောဆိုနိုင် တယ်ဆိုတော့... ကျနော်တို့အနေနဲ့ ဒါငြိမ်းချမ်းရေး ဖော်ဆောင်မှုဟာ အလားအလာ ကောင်းတယ် တိုးတက်တယ်လို့ ကျနော်တို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အနေနဲ့ ဒါ ကျနော်တို့ ယူဆတယ်”

ပြီးခဲ့တဲ့ ဇွန်လ ၁၉-၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ KNPP တို့ တွေ့ဆုံဆွေးနွေးမှုမှာ ကယားပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ ကိုယ်စားလှယ်အနေနဲ့ တက်ရောက်ခဲ့တဲ့ ဦးစဲရယ်လှဖေက ကန္တာရဝတီတိုင်း(မ်)ကို ပြောဆို သွားတာ ဖြစ်ပါတယ်။

KNPP နှင့်အစိုးရတို့ ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ချိန်၌ ၃ လအကြာတွင် ပြန်လည် ပျက်ပြယ်သွား ရခြင်းမှာ နုတ်ဂတိအဖြစ်သာ သဘောတူညီမှုရှိခဲ့ခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းကြောင့် ပျက်ပြယ်သွားခဲ့ရခြင်းဖြစ်ကြောင်း ယခုတကြိမ်တွင် အသိသက်သေများနှင့် ကိုယ်စားလှယ်ရှေ့တွင် ဆွေးနွေးခြင်းသည် ယခင်ကထက် ကောင်းမွန်တဲ့ အခြေအနေရှိကြောင်း ပြောပါတယ်။

“အခုဒီတချိန်ကျတော့ ကျနော်တို့ အနေနဲ့ ကြိုးပမ်းလာခဲ့တာ ၁၉၉၃ ခုနှစ်ကနေပြီးတော့ အခုအထိကတော့ ကျနော်တို့ဒီ KNPP အနေကနေပြီးတော့ ဒုတိယအကြိမ် လာရောက်ပြီးတော့ ဆွေးနွေး တယ်။ နောက်ပြီးတော့ ကျနော်တို့ရဲ့ ပြည်သူတွေ ကိစ္စရော၊ ပြန်လာလို့ရှိရင် ကျနော်တို့ ကျေးရွာမှာ ဒုက္ခ ဖြစ်နေတဲ့ ရွာရှောင်တွေ ကိစ္စရော  ၀န်ကြီးတွေဆွေးနွေးတာ တော်တော်လေး အခြေအနေကောင်းတယ်လို့ သုံးသပ်ရပါတယ်” လို့  ဦးစဲရယ်လှဖေက ဆက်ပြောသွားတာပါ။

ကယားပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က ယခင် အစိုးရလက်ထဲ ၁၉၉၃ ခုနှစ် ကတည်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၉၅ ခုနှစ်အပစ်ခတ်ရပ်စဲရေး အပြီးတွင် ဖျက်သိမ်းခံခဲ့ရပြီး ၂၀၀၁ ခုနှစ်မှ စတင်ကာ ပြန်လည်ဖွဲ့စည်း ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။