စစ်ရေး ရာဇသံကို NGO ဆန်အကူအညီဖြင့်ချွေးသိပ်

စစ်ရေး ရာဇသံကို NGO ဆန်အကူအညီဖြင့်ချွေးသိပ်
by -
ရွှေဟင်္သာ

အစိုးရ၏ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၏ တာဆန်ပူး(ကူတို့ဆိပ်) တပ်စခန်းအား ဖယ်ရှား ပေးရန် ရာဇသံ ပေးနေ ခြင်းမှာ ပေးထားသော ဂတိအား ဖျက်ဆီးရာ ရောက်ကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး ပိန်ဖ က  ပြောဆို လိုက်ပါသည်။

“မတိုက်တော့ ပါဘူး ဆိုတဲ့ သူတို့ဂတိပေးခဲ့တာ သိပ်မကြာ သေးဘူး။ဒါပေမဲ့ လားရှိူး မြို့နယ်မှာရှိတဲ့ ကျနော်တို့ စခန်း တစ်ခုကို ၀င်သိမ်းတယ်။ ပြီးတော့ အခု မိုင်းရှူး မြို့နယ်မှာ ရှိတဲ့ တာ့ဆမ်ပူး တပ်စခန်းကို ထပ်မံ ဖယ်ပေးဖို့ ရာဇသံ ပေး နေပြန်ပြီး ဆိုတော့ သူတို့ ပေးတဲ့ ဂတိ သူတို့ ပြန်ဖျက်ရာ မကျဘူးလား ဘယ်လို ယုံရမှာလဲ” ဟု ဗိုလ်မှူးကြီး ပိန်ဖ ကဆိုပါသည်။

စဝ်ခေးတိုင်း ခေါင်းဆောင်သော SSPP/SSA အဖွဲ့နှင့်  ဦးသိန်းဇော် ခေါင်းဆောင်သော အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း တန့်ယန်း မြို့တွင် တွေ့ဆုံ ခဲ့စဉ် SSPP အား တိုက်ခိုက် တော့မည် မဟုတ်ဟု  ဦးသိန်းဇော်က ဂတိပေး ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။

ယင်း တာဆမ်ပူး (ကူးတို့ဆိပ်) တပ်စခန်းကို ဖယ်ရှား ပေးရန်ရှမ်းပြည် တောင်ပိုင်း ခိုလမ် မြို့နယ်ခွဲတွင် အခြေစိုက် နေ သည့် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မှဒုတိယ ဗိုလ်မှူးကြီး မျိုးထွဋ်လှိုင် က SSPP/SSA အဖွဲ့၏ အတွင်းရေးမှူး (၂) ဖြစ်သူဒုတိယ ဗိုလ်မှူးကြီး စဝ်ခမ်းတီ ဆီကို ဖုန်းဖြင့် အမိန့်ပေး ခဲ့ကြောင်း ဗိုလ် မှူးကြီး ပိန်ဖက ပြောသည်။

“တာဆမ်ပူး ကနေ ဆုတ်ပေးဖို့ ရာဇသံ ပေးတာ ဒါက ဒုတိယ အကြိမ်ဘဲ။ ဒီအကြိမ်ပါ ဆိုရင် အစိုးရ ဖက်က ရာဇသံ ပေးတာ စုစုပေါင်း (၆) ကြိမ်မြောက် ရှိသွား ပြီးလေ။ ကျနော်တို့ ဆုတ်ပေး ခဲ့တဲ့ (၃) နေရာ စလုံးကို အစိုးရ တပ်ဖွဲ့က ဝင်ရောက် နေရာယူ တာချည်း ပါဘဲ ဒါကြောင့် ဆုတ်ပေးလို့ မဖြစ်တော့ဘူး” ဟု ဗိုလ်မှူးကြီး ပိန်ဖက ဆိုပါသည်။

ဤသို့ကြောင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့၏ ဂတိ စကားများသည် ယုံကြည် ရလောက်သော ဂတိ စကားများ မဟုတ်သဖြင့် တာဆမ်ပူးတွင် အခြေအနေ တင်းမာလျက် ရှိနေပြီး အစိုးရ တပ်များ ဝင်ရောက် လာပါကအချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်သည့် အနေအထား၌ ရှိနေသည်ဟုဆိုပါသည်.

ယခုကဲ့သို့ အစိုးရ ဘက်မှ ရာဇသံပေး ဆုတ်ခွာ ခိုင်းသည့် တပ်စခန်းနေရာ များသည် စစ်ရေးအရ ဗျူဟာ မြောက်သည့် နေရာများ ဖြစ်သည်ဟု SSPP ဘက်မှ ဆိုပါသည်။ တာဆမ်ပူး တွင် နှစ်ဖက် အခြေအနေ တင်းမာ မှုများ ရှိနေ သော် လည်း တိုက်ပွဲ ဖြစ်ပွားမှု မရှိ သေးကြောင်း ဆိုပါသည်။

ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/ SSA နှင့် အစိုးရ ငြိမ်းချမ်ရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ တို့အကြား ပြီးခဲ့ သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈) ရက် နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုး ခဲ့ကြ သော် လည်း တိုက်ပွဲ ပေါင်း (၁၀၀) ကျော် ဖြစ်ပွား ခဲ့ကြပြီး ဖြစ်ပါသည်။

ထိုသို့နှစ်ဖက် စစ်ရေး အခြေအနေ တင်းမာ နေသော်လည်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ကိုယ်စားလှယ် များနှင့် နိပွန် ဖောင်ဒေးရှင်းမှ ကိုယ်စားလှယ် များသည် SSPP ဒေသရှိ စစ်ပြေး ဒုက္ခသည် များအတွက် ဆန်အိတ်ပေါင်း (၂၀၀၀) ခန့်ကို လားရှိူး မြို့၌ ယနေ့ ညနေ (၄) နာရီ ခန့်တွင် ပေးအပ် ခဲ့သည်ဟုSSPP ၏ အခြား ပြောခွင့်ရ တစ်ဦးဖြစ်သူ ဗိုလ်မှူး စိုင်းလ က ဆိုပါသည်။

နိပွန် ဖောင်ဒေးရှင်းသည် SSPP/SSA နယ်မြေတွင်းရှိ စစ်ပြေးဒုက္ခသည် များအတွက် ဆန်အိတ်ပေါင်း ၆၀၀၀ ခန့် အကူ အညီပေးရန် ရှိနေပြီး ထိုအစီ အစဉ်ကိုရှမ်းပြည်နယ် အစိုးရက ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က ကန့်ကွက် ခဲ့ပါသည်။သို့သော်လည်း ယခု SSPP လက်ခံ ရရှိသည့် ဆန်အိတ် အကူအညီ များသည် ထိုအကူအညီ (၆၀၀၀) အနက်မှ ပထမ အကြိမ် အနေဖြင့် ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း ဆိုပါသည်။

ယခု အကူအညီ ပေးလိုက် ဆန်အိတ် များသည် မိုင်းရှူးမြို့နယ်၊ မိုင်းနောင် မြို့နယ်နှင့်ကျေးသီး မြို့နယ်များရှိ စစ်ပြေး ဒုက္ခသည်များ အတွက် ဖြစ်ပါသည်။

အစိုးရ၏ လုပ်ဆောင်ချက် များသည် မီးစဆဖက် ရေမှုတ် တဖက် စီမံချက်သာ ဖြစ်ကြောင်း၊ တဖက်၌ စစ်ရေးအရ ခြိမ်းခြောက်မှုများ ပြုနေသလို အကူအညီ များဖြင့် ချော့မော့ရန် စီစဉ် ထားပုံ ရကြောင်း စစ်ရေး အကဲခတ် များက ယူဆ နေပါသည်။