ခေတ်မှီသော မြန်မာ့ တပ်မတော် ၂ နာရီ ကျော်ကြာ အချင်းချင်း မှားယွင်း ပစ်ခတ်

ခေတ်မှီသော မြန်မာ့ တပ်မတော် ၂ နာရီ ကျော်ကြာ အချင်းချင်း မှားယွင်း ပစ်ခတ်
by -
ရွှေဟင်္သာ

ယနေ့ မနက်ပိုင်းတွင် ရှမ်းပြည် မြောက်ပိုင်း ကျေးသီးမြို့နှင့် မိုင်းယန်မြို့ကြားရှိ မန်ဝ ကျေးရွာတွင် အရှေ့ အလယ်ပိုင်းတိုင်း (ရလခ) လက်အောက်ခံ တပ်ဖွဲ့နှင့် အရှေ့မြောက်တိုင်း (ရမခ) လက်အောက်ခံ တပ်ဖွဲ့ အချင်းချင်း (၂) နာရီခန့် မှားယွင်းစွာ ပစ်ခတ်ခဲ့ကြ သည်ဟု SSPP/SSA အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။

“ ၂၂ ရက်နေ့မှာ SSPP တပ်နဲ့ (ရလခ) က ခမရ (၅၂၅) နဲ့ ခမရ (၅၆၉) တို့ရဲ့ စစ်ကြောင်း နှစ်ကြောင်းနဲ့  မနက် (၁၀) နာရီ ကနေ ည အချိန်အထိ တိုက်ခိုက် ကြတယ်။ နှစ်ရက်လောက် တိုက်ခဲ့ကြတယ်။ ဇွန် (၂၄) ရက်နေ့ကျတော့ SSPP က မန်ဝ ကျေးရွာကနေ ဆုတ်ပေးတယ်။ ဒီတော့ ရွာထဲကို ခမရ (၅၂၅) တပ်ဖွဲ့တွေက နေရာ ယူလိုက်တယ်။ အဲဒါကို မသိလိုက်တဲ့ ရမခ တပ်တွေက စစ်ကူပေးတဲ့ အနေနဲ့ ရောက်လာပြီးတော့ မန်ဝမှာ နေရာ ယူထားတဲ့ (၅၂၅) တပ်ဖွဲ့ကို SSPP အထင်နဲ့ တွယ်လိုက်တော့ ၂နာရီ ကြာသွားတယ်” ဟုဆိုပါသည်။

ဇွန်လ ၂၂ ရက်နေ့က ရှမ်းပြည်နယ် ကျေးသီးမြို့နယ် မန့်ဝပ်ကျေးရွာသို့ ရောက်ရှိ နေကြသော SSPP/SSA တပ်ဖွဲ့တို့ကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၂၅ တပ်ဖွဲ့၊ ခမရ ၅၆၉ တပ်ဖွဲ့တို့က စစ်ကြောင်း နှစ်ကြောင်းဖြင့် နံနက် ၁၀ နာရီမှ ညအထိ လာရောက် တိုက်ခိုက် သောကြောင့် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့ပါသည်။

ဇွန်လ ၂၃ ရက်နေ့တွင်လည်း နှစ်ဖက် တပ်ဖွဲ့တို့က မန်ဝ ကျေးရွာတွင်း၌ တို်က်ပွဲများ ဆက်ဖြစ်ပွား ခဲ့သည်။ တစ်နေကုန် ပစ်ခတ်နေစဉ် အတွင်း၌ပင် နှစ်ဖက် တို်က်ခိုက်မှုများ ပြန်လည် ထိန်းသိမ်းနိုင်ရန် SSPP/SSA ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့က အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့သို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်း ကြားမှုများ ပြုလုပ်ခဲ့ကြောင်း SSPP တပ်ဖွဲ့မှ ဗိုလ်မှူး နော်လစ်က ဆိုပါသည်။

ဤသို့ကြောင့် ၂ ရက်ခန့် ဖြစ်ပွား နေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်က “တိုက်ပွဲ ဆက်မဖြစ်ဖို့ နှစ်ဖက် စလုံး ထိန်းကြပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစည်း အဝေး ထဲမှာ တင်ပြ ပေးပါ့မယ်။ သမ္မတနဲ့ တွေ့ရင်လဲ တင်ပြ ပေးသွားမယ်” ဟု ဖြေကြား ခဲ့ကြောင်း ဗိုလ်မှူး နော်လစ်က ဆိုပါသည်။

သို့သော် အစိုးရ တပ်ဖွဲ့များသည် SSPP/SSA တပ်ဖွဲ့ရှိရာ မန်ဝကျေးရွာ အတွင်းသို့ လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ကျေးရွာ လူထု ထိခိုက်မည်ကို စိုးရိမ်သော SSPP သည် ည ၉ နာရီခွဲ အချိန်တွင် မန်ဝကျေးရွာမှ ဆုတ်ခွာပေးခဲ့ပါသည်။

ဤကဲ့သို့ ဆုတ်ခွာ ပေးလိုက်သဖြင့် အစိုးရ တပ်ဖွဲ့များသည် ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းတွင်မန်ဝကျေးရွာ ဘုန်းကြီးကျောင်း အတွင်းသို့ ဝင်ရောက် နေရာယူ ခဲ့ကြပါသည်။

(၃) ရက်ကြာ ပြီးဖြစ်သော တိုက်ပွဲကို စစ်ကူပေးရန် ရည်ရွယ်သည့် အနေဖြင့် ယနေ့ မနက် ရ နာရီ အချိန်တွင် တန့်ယန်းမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ဖွဲ့တို့က စစ်ကား ဆယ်စီးဖြင့် မန်ဝ ကျေးရွာသို့ ရောက်ရှိ လာခဲ့သည်။ ဤအချိန်တွင် မန်ဝ ကျေးရွာ တွင်း၌ ရလခ တပ်ဖွဲ့များ ရောက်ရှိနေသည်ကို မသိရှာ သဖြင့် စတင် ပစ်ခတ် ခဲ့ရာက ၂ နာရီခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူး နော်လစ် က ဆိုပါသည်။

မန်ဝကျေးရွာသည် အစိုးရ သတ်မှတ် ထားသည့် ကားလမ်းပိုင်း မဟုတ်သောကြောင့် SSA တပ်ဖွဲ့တို့က ဗုဒ္ဓဘာသာဝင် တပ်ဖွဲ့ ဝင်များ ဖြစ်သည်နှင့် အညီ ကျေးရွာ ဆရာတော်ကို လာရောက် ဖူးမျှော်စဉ် အစိုးရ တပ်ဖွဲ့တို့၏ တိုက်ခိုက် ခြင်းကို ခံခဲ့ရသည်ဟု ဆိုပါသည်။

ရှမ်းပြည် တိုးတက်ရေး ပါတီနှင့် အစိုးရ တို့သည်  ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။ သို့သော် အစိုးရ တပ်များမှ အကြောင်း အမျိုးမျိုး ပြပြီး ၀င်ရောက် တိုက်ခိုက် ခဲ့သဖြင့် တိုက်ပွဲပေါင်း တစ်ရာကျော် ဖြစ်ပွား ခဲ့သည့် အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ရေး အဖွဲ့၏ ဂတိ ပေးထားခြင်းကိုပါ အစိုးရ တပ်ဖွဲ့များက လေးစားမှု မရှိရာ ကျရောက် နေပါသည်။