မန်ယူရုပ်သံလိုင်း (MUTV) နှင့် Sky Net တို့ တရားဝင် သဘောတူညီမှုရရှိ

မန်ယူရုပ်သံလိုင်း (MUTV) နှင့် Sky Net တို့ တရားဝင် သဘောတူညီမှုရရှိ
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး မန်ချက်စတာယူနိုက်တက် အသင်း၏ တရားဝင် ရုပ်သံလိုင်းဖြစ်သော MUTV ကို SkyNet  မှ ပြသရန် သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း SkyNet မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ အတည်ပြုပြောကြားသည်။

MUTV-Webအင်္ဂလန် ပရီးမီးယားလိဂ်ကလပ်မန်ယူ အသင်းအနေဖြင့် အသင်းပုံရိပ်ကို မြှင့်တင် ရန်နှင့် ပရိသတ်အင်အား တိုးပွား လာစေရန် ရည်ရွယ်၍ မြန်မာရုပ်သံလိုင်း  SkyNet၊ နော်ဝေ ရုပ်သံလိုင်း  TV-2 ၊ အိုက်စလန် ရုပ် သံလိုင်း 365 တို့တွင် MUTV အား ထုတ်လွှင့် ပြသနိုင်ရန် သဘောတူခဲ့ပြီ
ဖြစ်ကြောင်းလည်း အသင်းပိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထား သည်။ လက်ရှိအချိန်တွင် MUTV ရုပ်သံလိုင်းအား ကြည့်ရှု သူပေါင်း ၂၃ သန်းခန့်ရှိပြီး ပရိသတ် ကြည့်ရှုမှုအများဆုံး ကလပ်အသင်းပိုင် ရုပ်သံလိုင်းတစ်လိုင်းအဖြစ် ရပ်တည်
နေသည်။

“MUTV ကို SkyNet မှာပြဖို့ သဘောတူခဲ့ပါပြီ။ အရင်က ကျွန်တော်တို့လိုင်းမှာ MUTV ကို ပြခဲ့ဖူးပေမယ့် တဆင့်ခံ ဖမ်းယူ ပြသခဲ့တာပါ။ အခုကတော့ တရားဝင် ဖြစ် သွားပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံမှာ SkyNet ရုပ်သံလိုင်း တစ်ခုတည်းပဲပြခွင့်ရတော့ မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ တရားဝင် စာ မချုပ်ရသေးပါဘူး။ တရားဝင် စာချုပ်ပြီး ရင်မန်ယူအသင်းဘက်ကရော SkyNet ဘက်ကပါ သတင်းထုတ်ပြန် ပေး သွားမှာပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ SkyNet ရုပ်သံလိုင်းမှာ မြန်မာနိုင်ငံတွင် အခပေးကြည့်ရှုရသော ရုပ်သံလိုင်းတစ်ခု ဖြစ် ပြီး HD လိုင်းငါးလိုင်း အပါအဝင် လိုင်းပေါင်း (၈၄)လိုင်း ထုတ်လွှင့်ပြသနေသည်။

SkyNet ရုပ်သံလိုင်းအနေဖြင့် လာမည့် နှစ်မှစတင်၍ပရီးမီးယားလိဂ်ပြိုင်ပွဲကိုလည်း တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ခွင့် သုံးနှစ် ရရှိ ထားပြီး၊ ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဂျာမန် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲများကိုလည်း မူပိုင်ထုတ်လွှင့်ခွင့် ရထားသည်။ မန်ချက်စတာ ယူ နိုက်တက်အသင်းပိုင် MUTV ရုပ်သံလိုင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း (၅၆) နိုင်ငံတွင်ပြသနေပြီး နိုင်ငံတကာရုပ်သံလိုင်း (၂၂) လိုင်းနှင့် တရားဝင် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်