KIO ဘက်မှ ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်အဖွဲ့ ဖွဲ့စည်းရေး ရှင်းလင်း

KIO ဘက်မှ ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်အဖွဲ့ ဖွဲ့စည်းရေး ရှင်းလင်း
by -
မဇ္စျိမ

အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) တို့အကြား သဘောတူညီခဲ့သော အလုပ်အဖွဲ့ (Technical team) ဖွဲ့စည်းရေး မူကြမ်းကို ကချင် လူထုများ ရှင်းလင်းချပြခဲ့သည် ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ (PCG) မှ ပြောသည်။

KIO ငြိမ်းချမ်းရေး ခေါင်းဆောင်များ၊ PCG နှင့် ဘာသာရေး ခေါင်းဆောင်များ၏ ဇွန်လ ၁၈၊ ၁၉ ရက်နေ့ စည်းဝေး များက ဆုံးဖြတ်ချက်ခဲ့သည့် Technical team ဖွဲ့စည်းပုံ မူကြမ်းကို မြစ်ကြီးနားရှိ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် ကချင်လူထုအား PCG က ဇွန်လ ၂၂ ရက်နေ့က ရှင်းပြခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ၁၈၊ ၁၉ မှာ လိုင်ဇာကို သွားပြီး KIO နဲ့ အစည်းအဝေး သွားလုပ်တယ်။ KIO က လေးငါးယောက် ပါမယ်။ နောက်ပြီး ပညာရှင်တွေဘက်က သုံးလေးယောက် ပါအောင် ဖွဲ့ဖို့ ခု လူရွေးချယ်တယ်။ Technical team အောက်မှာ A၊ B၊ C၊ D team တွေ ဖွဲ့ထားတယ်” ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

အဖွဲ့ A တွင် KIO အဖွဲ့ဝင် ငါးဦးခန့်နှင့် ပညာရှင် လေးဦးခန့် ပါဝင်မည် ဖြစ်ပြီး အဖွဲ့ B တွင် တတ်သိပညာရှင်များ ပါဝင်မည် ဖြစ်သည်။ အဖွဲ့ C တွင် ပြည်တွင်းပြည်ပ တတ်သိပညာရှင်များ ပါဝင်ကာ D အဖွဲ့တွင် ပြည်သူလူထုများ ပါဝင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။ သို့သော် ထိုအထဲတွင် မည်သည့် တတ်သိပညာရှင်များ ပါဝင်မည်ကို ရှင်းပြခြင်း မရှိသေးကြောင်း သူက ဆိုသည်။

မေလ ၃၀ ရက်နေ့က KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ သဘောတူခဲ့သော “လိုအပ်သည့် လုပ်ငန်း စဉ်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန် KIO နှင့် အလုပ်အဖွဲ့ (Technical team) ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန်” ကို လက်တွေ့ အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု PCG က ဆိုသည်။

Technical team တွင် ပါဝင်မည့် သူများကို လာမည့် ဇွန် ၂၆ ရက်နေ့ထိ ရွေးချယ်ပြီးနောက် ဇွန်လ ၂၇ ရက်နေ့နောက်ပိုင်း မြစ်ကြီးနားမြို့ KIO ဆက်ဆံရေးရုံးတွင် ရုံးထိုင် မည်ဖြစ်ကြောင်း “ရှေ့ဆက် နိုင်ငံရေး ဆွေးနွေးမှု မလုပ်ခင် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ ဆွေးနွေးဖို့ ဖွဲ့စည်းတာပဲ။ အဲဒီနောက် နိုင်ငံရေး ဆွေးနွေးဖို့ အစိုးရနဲ့ ဘယ်မှာ ဆက်လုပ်မယ်ဆိုတာမျိုး” ဟု ဦးလမိုင် ဂွမ်ဂျာ က ပြောသည်။

ဇွန် ၂၂ ရက် ရှင်းလင်းပွဲကို မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ စိန့်ပတ်ထရစ် ရိုမင်ကက်သလစ် ဘုရားကျောင်း တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူ ၅၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

မေလ ၂၈ ရက်မှ သုံးရက်ကြာ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် နှစ်ဖက်တိုက်ခိုက်မှုများ လျှော့ချရန်၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန်၊ စစ်ပြေးဒုက္ခသည်များ ပြန်လည် ထူထောင်ရေး ကိစ္စများနှင့် တပ်နေရာချထားရေးအား ဆက်လက် ဆွေးနွေးရန် တို့ အပါအဝင် အချက် ရ ချက်ကို သဘောတူခဲ့ကြသည်။

သို့သော် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်မူ အစိုးရ တပ်နှင့် KIO တပ်တို့အကြား တိုက်ပွဲများနှင့် တင်းမာမှုများ ဆက်လက် ရှိနေဆဲပင် ဖြစ်သည်။