Technical Team ဖွဲ့စည်းရန် KIO အဆင်သင့်ဖြစ်

Technical Team ဖွဲ့စည်းရန် KIO အဆင်သင့်ဖြစ်
by -
ရွှေဟင်္သာ

ကချင် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရတို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ သဘော တူညီချက်အရနှစ်ဖက် ကိစ္စများ တွေ့ ဆုံဆွေးနွေးနိုင်ရန် နည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team)  အဖွဲ့ ဖွဲ့စည်း သွားရေးကိုKIO မှ မူအရ ချမှတ်ခဲ့ပြီး အကောင်အထည် ဖေါ်ရန် အဆင်သင့် ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုပါသည်။

“ ဒီလ အကုန်ပိုင်း လောက်မှာ ဆိုရင် အကောင်အထည် ဖေါ်တော့မှာပါ။  Technical Team ဖွဲ့ဖို့ကိုတော့ မူအားဖြင့် ချမှတ်ထား ပြီးပြီး။ လူကို ခန့်ပြီး တာဝန် ပေးဖို့ဘဲ ကျန်တော့တယ်။ ကျနော်တို့က  Technical Team ကို အဆင့် ၄ ဆင့်ခွဲပြီး ဖွဲ့စည်း သွားမှာပါ” ဟု ဆိုပါသည်။

KIA ဒုတိယ ဦးစီးချုပ်နှင့် အစိုးရ ကစထ ၄မှူး KIA ဒုတိယ ဦးစီးချုပ်နှင့် အစိုးရ ကစထ ၄မှူး (ဓါတ်ပုံ - KIA)

၁။ အချိန်ပြည့် အလုပ်လုပ်မည့် ရုံးတာဝန်ခံနှင့် အဖွဲ့ကို ဖွဲ့စည်းရန်။၂။လိုအပ်သည့် လုပ်ငန်း ကွ္ပျမ်းကျင်မှု အထောက် အကူပြု အဖွဲ့ကို ဖွဲ့စည်းရန်။ ၃။ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ အဖွဲ့ကို ဖွဲ့သွားရန်။ ၄။ ပြည်သူလူထုများ ပါဝင်သည့် အဖွဲ့များ ဖွဲ့စည်းသွားရန် တို့ဖြစ်ပါသည်။

ယခု ဖွဲ့စည်းရန် ရှိသည့်နည်းပညာ အထောက်အကူပြု အဖွဲ့(Technical Team) အဖွဲ့သည် နှစ်ဖက် အောက်ခြေ တပ်များ စစ်ရှိန် လျော့ချရေး၊ နှစ်ဖက် တပ်များနေရာချထားရေး၊ စစ်ပြေး ဒုက္ခသည်များ ပြန်လည် နေရာချထား နိုင်ရေးနှင့် နှစ်ဖက်အဖွဲ့အစည်းကြား ဖြစ်ပေါ်လာသော ပြသနာများအား ဖြေရှင်း သွားရန်ဖြစ်ပါသည်။

ယင်းနည်းပညာ အထောက်အကူပြု အဖွဲ့(Technical Team) ကို ဖွဲ့စည်းရာတွင် ပြည်တွင်းမှ ကိုယ်စားလှယ် အများစု ပါဝင်သော စုဖွဲ့မှုမျိုုးဖြင့် ဖွဲ့စည်းသွားရန် ရှိပြီး ဤအထဲတွင် ပြည်တွင်း အခြေစိုက်သတင်း မီဒီယာ အဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များနှင့် ပညာရှင်များ ပါဝင်မည် ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး နော်ဘိုက ဆိုပါသည်။

“ အထူးသဖြင့် သတင်းဌာနတွေ ပါသင့်တယ်လို့ ကျွှန်နော်တို့ အဲဒီလို မြင်ပါတယ်။ ဒီတော့ အဖွဲ့ ဖွဲ့စည်းတဲ့ အခါမှာ မီဒီယာတွေ ပါဝင်ခွင့် ပေးထားတယ်။ တချို့ဆိုရင် လူပုဂ္ဂိုလ် တိုက်ရိုက် ဖိတ်ခေါ်ပြီး ပါဝင်ခွင့် ပေးသွား ဖို့လဲ ရှိပါတယ်” ဟု ဆိုပါသည်။

နည်းပညာ အထောက်အကူပြု အဖွဲ့ဖွဲ့စည်းရေးကို အကောင်အထည်ဖေါ်ဖို့အတွက် မကြာမီ ညှိနှိုင်း ဆွေးနွေးပွဲတရပ် ကျင်းပရန် ရှိနေသည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့မှ ဦးလမိုင်ခွန်ဂျာ က ဆိုပါသည်။

မြန်မာ့ငြိမ်းချမ်းရေး စင်တာ MPC သည် KIO ၏ ဖွဲ့စည်းမည့် နည်းပညာ အထောက်အကူပြု အဖွဲ့(Technical Team) ကို စောင့်ဆိုင်းနေပါသည်။ ဖွဲ့စည်းပြီးပါက ၄င်းတို့၏ နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် သွားရောက် တွေ့ဆုံ ဆွေးနွေးရန် ရှိသည်ဟု မြန်မာ့ငြိမ်းချမ်းရေး စင်တာမှဒေါက်တာ မင်းဇော်ဦးက ဆိုပါသည်။

ဤလုပ်ငန်းပိုင်း ဆိုင်ရာ (Technical Team) အဖွဲ့ ဖွဲ့စည်းရေး သဘော တူညီချက်သည် ပြီးခဲ့သည့် မေလ ကုန်ပိုင်း က KIO နှင့် အစိုးရ အကြား ကချင်ပြည်နယ် မြစ်ကြီးနား မြို့၌ တွေ့ဆုံခဲ့စဉ် သဘောတူထားသည့် အချက် ရ ချက်ထဲ မှ တစ်ချက် အပါအဝင် ဖြစ်ပါသည်။