ကျည်ဆံခွံ လက်ဝါးကပ်တိုင်နှင့် ဆင်းတုတော် လိုင်ဇာမြို့သို့ ပင့်ဆောင်လာ

ကျည်ဆံခွံ လက်ဝါးကပ်တိုင်နှင့် ဆင်းတုတော် လိုင်ဇာမြို့သို့ ပင့်ဆောင်လာ
by -
ကချင်သတင်းဌာန

ငြိမ်းချမ်းရေးလိုလားကာ ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ လမ်းလျှောက်ခဲ့သောအဖွဲ့မှ လမ်းတွင်ကောက်ခဲ့သော ကျည်ခွံများဖြင့် အမှတ်တရထုလုပ်ထားသော ခရစ်ယာန်လက်ဝါးကပ်တိုင်နှင့် ဗုဒ္ဓဆင်းတုတော်ကို လိုင်ဇာသို့ ပင့်ဆောင်ခဲ့ရာ လိုင်ဇာလူထုက လက်ဝါးကပ်တိုင်ကိုလက်ခံပေးခဲ့ကြောင်းသိရသည်။

လိုင်ဇာမြို့တွင် ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်သောကြောင့် အဆိုပါငြိမ်းချမ်းရေးလမ်းလျှောက်သူများ၏ ကျည်ခွံဖြင့်ထုလုပ်ထားသော ‘မနောဝိမုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော်’ ကိုမူ လက်ခံရန်ခက်ခဲနေခြင်းဖြစ်ကြောင်း လမ်းလျှောက်ရာတွင်ဦးဆောင်သူ ဦးဝင်းချို ကပြောသည်။

“လက်ဝါးကပ်တိုင်ဟာ ခရစ်ဘာသာဝင်တွေအလေးအမြတ်ထား ကိုးကွယ်ရာ၊ ဦးချရာဆိုတဲ့ အနေအထားမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ကျည်ခွံတွေနဲ့အမှတ်တရထုလုပ်ထားတာကတော့ ကျွန်တော်တို့ရဲ့မေတ္တာ စေတနာနဲ့နိုင်ငံတော်ကြီးငြိမ်းချမ်းစေချင်တဲ့အကြောင်းအရာကို ဦးစားပေးထားတာဖြစ်တဲ့အတွက် လက်ဝါးကပ်တိုင်ကိုတော့ လက်ခံပေးဖို့အနူးအညွတ်တောင်းခံပါတယ်” ဟု ဦးဝင်းချိုက KNG ကချင်သတင်းဌာနသို့ပြောသည်။

ထိုလက်ဝါးကပ်တိုင်ကို ကျည်ဆံခွံပေါင်း ၁၁၁၆ ခွံ ဖြင့် ရန်ကုန်မြို့တွင် သွန်းထုခဲ့ခြင်းဖြစ်ပြီး အဆိုပါကျည်ဆံ ခွံများ အားလုံးသည်လည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဘက်မှဖြစ်သည်ဟု ငြိမ်းချမ်းရေးလမ်း လျှောက် အဖွဲ့ကို ကြိုသော KIA စစ်သားတစ်ဦးကပြောသည်။

“မြန်မာစစ်တပ်တွေရဲ့ကျည်ခွံ တစ်ခုမှ မပါဘူး၊ အားလုံးကျွန်တော်တို့ ဟာပဲ တစ်ချို့ဆို ကြေးရောင်မပေါ်လို့ ဆေး ဆိုထားတာတွေ ပါနေတယ်”

ယခု ဒုတိယအကြိမ်ရောက်လာသည့်  (၂၂)  ဦးပါ ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့များက ပထမအကြိမ် လိုင်ဇာမြို့သို့ရောက်ခဲ့စဉ် အပြန်လမ်းခရီးတွင် လိုင်ဇာမှ မြစ်ကြီးနားကြား နမ်ဆန်ယန် (Nam San Yang) တစ်လျှောက်စစ်မြေပြင်၌တွေ့ရသော ကျည်ဆံခွံများအား အမှတ်တရ ကောက် ခဲ့ရာမှ အများအပြားရရှိကာ သွန်းလုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့အဖွဲ့အပြန်လမ်းမှာ အမှတ်တရဆိုပြီးကျည်ခွံတွေမမြင်ဖူးလို့ တစ်ခုကနေ နှစ်ခုကောက်ကြ တယ်။ အားလုံုးပေါင်းလိုက်တော့ ကျည်ခွံအများကြီးရလာပြီး နောက်တော့ ကျည်ခွံမှာ ကြေးပါနေတာတွေ့ တော့ ကြေးဆင်းတုတော် ကို သတိရပြီး သွန်းထုဖြစ်သွားတယ်” ဟု ဦးဝင်းချိုကပြောသည်။

ထိုကျည်ဆံလက်ဝါးကပ်တိုင်ကို ခရစ်ယာန်ဘာသာအများစုဖြစ်သောလူထု၏ သဘောထားအရ KIA စစ်ဆင်မှုကွပ်ကဲရေးညွှန်ကြားရေးရုံးချုပ်၏ တာဝန် ပေးထားခြင်းဖြင့် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ဆင်းတုတော်ကိုမူ လက်ခံရန်အဆင်သင့် မဖြစ်သေးကြောင်း ပြောသည်။

“လက်ဝါးကပ်တိုင်ကို လက်ခံတာက စစ်ဆင်ရေးရုံးချူပ်ရဲ့ညွှန်ကြားချက်နဲ့ လက်ခံတာပါ၊ ဆင်းတုတော်ကို ကျတော့ လိုင်ဇာမြို့ရပ်မိ ရပ်ဖများ အားလုံးကို ကြိုတင်အကြောင်းကြား ထားတာမရှိတဲ့အတွက်၊ ဘာသာရေး ကော်မတီအဖွဲ့ အဆင့်ဆင့်ကို တင်ပြရအုံးမှာပါ” ဟု ကြိုဆို ဧည့်ခံသော ဗိုလ်ကြီးတစ်ဦး ကပြောသည်။

ကိုစည်သူ ဦးဆောင်သောငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့နှင့် သံယာတော်များသည် အလေးချိန် (၁၁) ပိဿာရှိ ကျည်ဆံခွံ ဖြင့်သွန်းထုထားသော ဗုဒ္ဓဆင်းတုတော်ကို လိုင်ဇာမြို့ရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နိုင်ရန် ပမာဏ လာရောက်ပြသခြင်းသဘောမျိုး ပင့်ဆောင်လာခြင်းသာဖြစ်သည်ဟုပြောသည်။

“ဆင်းတုတော်ကို ကျွန်တော်တို့အဖွဲ့က လာရောက်ပြသခြင်းသက်သက်သာဖြစ်တယ်။ တကယ်လို့ဒီမှာရှိတဲ့ လိုင်ဇာဒေသခံများက သတင်းသုံးဖို့အတွက်အဆင့်သင့် မဖြစ်သေးဘူး ဆိုရင် ပြန်ပြီး ပင့်ဆောင်သွားမယ်” ဟု အဖွဲ့ခေါင်းဆောင်ကပြောသည်။

ယခုလို ဗုဒ္ဓဆင်းတုတော်သွန်းထုရခြင်းမှာ ကချင်ပြည်တွင် ဗုဒ္ဓသာသနာပြန့်ပွားစေရန် ရည်ရွယ်ချက် လုံးဝမပါ ရှိကြောင်း၊ အပြန်ခရီးလမ်းတွင် ဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်းနှင့် စေတီ စသည်တို့ကို မတွေ့ခဲ့သောကြောင့် ကျည်ခွံများ အမှတ်တရကို လိုင်ဇာသို့ အထိမ်းအမှတ်နေဖြင့် ပေးခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဖက်မှလည်း တပ်ဖွဲ့အတွင်း ဂိုဏ်းကဏ ခွဲခြားမှုမရှိစေရန်၊ ဘာသာရေး (sub-committee) ကော်မတီအဖွဲ့များလည်း ဖွဲ့စည်းထားကြောင်း သိရသည်။

ဒုတိယအကြိမ်လိုက်ပါလာသော ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့များတွင် သံဃာတော် (၆) ပါး အပါအဝင် (၄၀) ဦးခန့် ဖြစ်ကြောင်း သိရှိရသည်။

ထိုအဖွဲ့သည် ဇွန်လ ၂၂ ရက်နေ့တွင် လိုင်ဇာမြို့သို့ရောက်ရှိလာခြင်းဖြစ်ပြီး ၄င်းတို့ကို ကားကြီးကွင်းတွင် လက်ခံတွေ့ဆုံကာ နေ့လည်စာများကျွေးမွေးဧည့်ခံကာ ၂ နာရီကြာ တွေ့ဆုံခဲ့ပြီး ညနေ ၃ နာရီဝန်းကျင် တွင် ကား ၅ စီးဖြင့် KIA တပ်ဖွဲ့ဝင်များ လုံခြုံရေးယူပေး၍ ပြန်ပို့ခဲ့ကြောင်း သိရသည်။

Most read this week