အသိမ်းခံရ မိမိလယ်တွင် ပြန်ထွန်နေသည့် ရခိုင် လယ်သမားများအား စစ်တပ်က ဟန့်တား

အသိမ်းခံရ မိမိလယ်တွင် ပြန်ထွန်နေသည့် ရခိုင် လယ်သမားများအား စစ်တပ်က ဟန့်တား
by -
နိရဥ္စရာ

လယ်မြေများ အသိမ်းခံရပြီးနောက် လုပ်ကိုင်စားသောက်စရာ မရှိ ဖြစ်နေကြရသော ကျောက်တော်မြို့နယ်မှ ရခိုင်လယ်သမား ၁၀ ဦးခန့်သည် ၄င်းတို့ (အသိမ်းခံရ) လယ်မြေများပေါ်တွင် ယမန်နေ့က တက်ရောက်ပြီး လယ်ထွန်ခဲ့ကြစဉ် စစ်တပ်မှ လာရောက်ဟန့်တားခြင်းခံခဲ့ရသည်ဟု သတင်း ရရှိသည်။

ယမန်နှစ်က လယ်သမားများ စိုက်ပျိုးထားသော စပါးများကို စစ်တပ်ကရိတ်ပြီး တပ်ရင်းသို့ ဤသို့ ကားများဖြင့် သယ်ယူခဲ့ကြသည်။

ယမန်နှစ်က လယ်သမားများ စိုက်ပျိုးထားသော စပါးများကို စစ်တပ်ကရိတ်ပြီး တပ်ရင်းသို့ ကားများဖြင့် သယ်ယူ

လယ်သမား ၁၀ ဦးမှာ ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာနှင့် အုတ်တောင်ပြင် ကျေးရွာများမှ ဖြစ်ကြသည်ဟု လယ်ထွန်ရာတွင် ပါ၀င်သူ ဦးမောင်လိူင်ဝင်းက ပြောသည်။

လယ်သမားများ လယ်ထွန် နေစဉ် ကန်စောက် အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ အရာခံဗိုလ် သောင်းလှ ဦးဆောင်သော စစ်သား ၂၀ ခန့်က လာရောက်ဟန့်တားခဲ့သည်ဟု သူက ဆက်ပြောသည်။

“ ကျွန်တော်တို့ကို စစ်သား ၂၀ ခန့်က လယ်မထွန်နဲ့ဆိုပြီး လာတားပါတယ်။ သူတို့က ဘာပြော သလဲဆိုရင် ခင်ဗျားတို့ ဒီလယ်တွေကို ဒီနေ့လည်းမထွန်နဲ့၊ မနက်ဖန် လည်းမထွန်နဲ့၊ ဆက်ထွန် ရင်  ခင်ဗျားတို့ကို ရဲတွေလာဖမ်းလိမ့်မယ်လို့ပြောပါတယ်။”

ကိုမောင်လိူင်ဝင်းနှင့် ရွာသားများမှ မိမိတို့မှာ ထမင်းငတ်၍ မနေနိုင်သဖြင့် ဖမ်းလျှင်လည်းဖမ်း၊ သတ်လိုလျှင်လည်း သတ် နိုင်ပါကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု ဆိုသည်။

“  ဒီလယ်တွေက ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင်တဲ့ လယ်တွေ ဖြစ်တယ်။ ကျွန်တော်တို့  ဒီလယ်တွေမှာမှ မထွန်ယက် မစိုက်ပျိုးရရင် ကျွန်တော်တို့လုပ်စားစရာ တစ်ခြား အလုပ် အကိုင်လည်း မရှိဘူး။ ဒီဟာဘဲ ကျွန်တော်တို့ရဲ့ စီးပွားရေး ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဘဝရပ်တည်ရေးနဲ့ ပတ်သက်ပြီး  အခက်အခဲတွေ အများကြီး ရှိပါတယ်ဆိုပြီး ပြန်ပြော လိုက်ပါတယ်။ တချို့ လယ်သမားတွေ ကလည်း ကျွန်တော်တို့ လယ်မြေမှာ ကျွန်တော်တို့ ထွန်တာဖြစ်တယ်။ ဗိုလ်ကြီးတို့ လယ်ကို ထွန်တာ မဟုတ်ဘူူး ဆိိုပြီး ပြောဆိုကြပါတယ်။”

လာရောက်ဟန့်တားသည့် စစ်တပ်သားများထဲတွင် ရွာသားများနှင့် ရင်းနီးနေကြသော တပ်သား ဌေးဌေးဝင်း၊ ရဲထွန်းဇော်၊ တပ်ကြပ်ကြီးတစ်ဦးတို့ ပါ၀င်ကြပြီး လယ်သမားများကို ဟန့်တားရုံသာ ဟန့်တားပြီး ကိုယ်ထိ လက်ရောက် စော်ကားခြင်း မရှိကြောင်း ဆိုသည်။

စစ်တပ်က လာရောက်ဟန့်တားသော်လည်း ဆက်လက်ပြီး ထွန်ယက် စိုက်ပျိုးရန် ရည်ရွယ်ထားသည်ဟု ကိုမောင်လှိုင်ဝင်းက ဆက်ပြောသည်။

“ ကျွန်တော်တို့ လယ်သမားတွေကတော့ ဆက်ပြီးထွန်ရမှာဘဲ ဘာဖြစ်လို့လည်းဆိုရင် တခြားလုပ်စရာလည်း ကျွန်တော်တို့မှာမရှိဘူး။ ပြီးတော့ စစ်တပ်က ဒီလယ်မြေတွေကို သူတို့ပိုင်တယ်ဆိုတဲ့ အထောက်အထားလည်း မရှိဘူး။ ဒီလယ်မြေတွေက ကျွန်တော်တို့ ဘိုးစဉ် ဘောင်ဆက် ပိုင်လာတဲ့မြေတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဆက်ထွန်ရမှာ ဖြစ်ပါတယ်။ မြို့နယ် ဦးစီးဌာနကလည်း ဒီလယ် မြေတွေကို စစ်တပ်က ပိုင်တယ် ဆိုတဲ့ အကြောင်း ကျွန်တော်တို့ကို မပြောသေးဘူး။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့က ဆက်ထွန်ရမှာပါ” ဟု ဆိုသည်။

ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာ အနီးတွင် တပ်စွဲထားသော ခမရ ၅၃၉ တပ်ရင်းသည် တပ်ရင်း တည်ရောက်ဆောက်ရန် လိုအပ်သောမြေများကိုသာမက တပ်ရင်း အနီးအနားရှိ ကျေးရွာသားများ လုပ်ကိုင် စားသောက်နေသော လယ်ဧက ၁၂၀ ဒဿမ ရ၀ ကိုလည်း အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ သိမ်းယူသွားခဲ့သည်။

သိမ်းယူပြီးနောက် စစ်တပ်မှ လယ်သမားများကို တစ်ဧက စပါး ၂၅ တောင်းနှုန်းဖြင့် လယ်သမားများကို သီးစားစနစ်ဖြင့်  ပြန်လည် ငှားရမ်းခဲ့သည်။

ယခုကဲ့သို့ မိမိတို့၏ ပြည်သူများထံမှ လယ်များကို သိမ်းယူပြီး လယ်သမားများကို ပြန်သီးစားချသော  မြန်မာတပ်မတော်၏ လုပ်ရပ် အပေါ် ရခိုင်ပြည်သူများက ဗြိတိသျှခေတ် မြန်မာ့ လယ်သမားများကို ဂုတ်သွေးစုတ်ခဲ့သော အိိန္ဒိယ ချစ်တီး ကုလားများနှင့် နိုင်းယှဉ်ပြီး ဝေဖန် ပြောဆိုမူများ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်ခဲ့သဖြင့် နောက်ပိုင်းတွင် သီးစား ချခြင်းကို မပြုလုပ်ရဟု အထက်က တားမြစ်ခဲ့သည်ဟု သိရသည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း အဆိုပါ လယ်မြေများတွင် လယ်သမားများမှ စိုက်ပျိုးထားသည့် စပါးများကို စစ်တပ်က အင်အားသုံး တက်ရောက် ရိတ်သိမ်းခဲ့သဖြင့် ပြဿနာ ပေါ်ပေါက်ခဲ့သည်။

နောက်ပိုင်းတွင် စစ်တပ်က လယ်မြေကျူးကျော်မှုဖြင့်  လယ်သမားများကို တရားစွဲဆိုထားသည့်အတွက် ယခုတိုင် အမှုရင်ဆိုင် နေကြရကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသော လယ်ယာမြေနှင့် တခြားမြေ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ အဆိုပါ လယ်များကို လွန်ခဲ့သော လအနည်းငယ်က လာရောက်စစ်ဆေးခဲ့သော်လည်း ယခုတိုင် တစ်စုံတရာ အရေးယူ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most read this week