ပြည်တွင်းနိုင်ငံရေး ပါတီသစ် ဖြစ်သည့် ကယား လူမျိုးစုံ ဒီမိုကရေစီ ပါတီ (Kayah Union Democracy Party) သစ်သည် လာမည့် ဇွန်လ (၂၇) ရက်နေ့ တွင် ရွေးကောက်ပွဲ ကော်မီရှင်ထံ တရားဝင် မှတ်ပုံတင်တော့မည် ဖြစ်သည်ဟု အတွင်းရေးမှူး ဖြစ်သူ ကိုစိုင်းနိုင်နိုင်ထွေးက ဆိုပါသည်။
“၂၆ ရက်နေ့ကျရင် နေပြည်တော် သွားပြီး မှတ်ပုံတင်မှာပါ။ အဓိကကတော့ ကယားပြည်နယ်မှာ ရှိတဲ့ အုပ်ချုပ်ရေး ယန္တရား ကွာဟမှုတွေ၊ လူထုလူတန်းစား အလွှာ အသီးသီးက လူ့အခွင့်အရေး ဆုံးရှံုးမှုတွေ၊ တန်းတူညီမျှမှု မရှိတာတွေ၊ တိုင်းရင်းသား ပြသနာ၊ လက်နက်ကိုင်နှင့် ငြိမ်းချမ်းရေးတို့ ပြသနာ၊ ဒေသမှာ ရှိတဲ့ တခြားသော အမျိုးသား ရင် ကြားစေ့ရေး ပြသနာ၊ အရေးကြီးဆုံးက ကိုယ်ပိုင် ပြဌာန်းခွင့်တွေ လယ်ယာမြေ လုပ်ကိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့် အခြေအနေတွေကို တဆင့်ချင်း လုပ်ဆောင်နိုင်ဖို့ အတွက် မှတ်ပုံတင် ရခြင်းဖြစ်တယ်” ဟု ဆိုပါသည်။
ကယား လူမျိုးစုံ ဒီမိုကရေစီပါတီ (KUDP)သည် ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် ကယားပြည်နယ် အတွင်း ဒေသခံများ၏ လိုအပ်ချက်ဖြစ်သည့် ကိုယ်ပိုင် ပြဌာန်းခွင့်၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ရေးရာ ကိစ္စများအား လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားပါသည်။
KUDP သည် ဒီမိုကရက်တစ် လမ်းစဉ်အဖြစ် ဒေသကို ကိုယ်စားပြုမည် ဖြစ်သည့်အတွက် လွိုင်ကော်၊ ဖရူးဆိုး၊ ဒီမောဆို၊ ရှားတော၊ ဘောလခဲ၊ ဖာဆောင်း၊ မယ်စဲ နှင့် ရွာသစ်ဒေသမှ ကိုယ်စားလှယ် ၂ ဦးနှုန်း ဖြင့် ဖွဲ့စည်းပုံ အရ မှတ်ပုံ တင်နိုင်ရန် ယာယီ ဗဟို ကော်မတီဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားပါသည်။ ကယား လူမျိုးစု အပါအဝင် အခြားသော တိုင်းရင်းသား မျိုးနွယ်စု ဖြစ်သည့် ရှမ်း၊ ပအိုဝ်း ၊ အင်းသား၊ မွန်၊ ဗမာ စသည့် တိုင်းရင်းသားများ ပါ၀င်ပါသည်။
“ကျနော်တို့က ဖွဲ့စည်းပုံ တစ်ခုကို ယာယီပြုလုပ်ပြီး မှတ်ပုံတင် ကျအောင် လုပ်နေတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ လူထု အားလုံး ပါ၀င်ပြီး ရေးဆွဲတဲ့ ဖွဲ့စည်းပုံတော့ လာမယ့် လမှာပေါ့ ကယားပြည်နယ် တစ်ခုလုံး ပါ၀င်တဲ့ တွေ့ဆုံဆွေးနွေးမှုကို ထပ်ရေးဆွဲကြရမှာပါ။ လောလောဆယ်မှာတော့ ပါတီဝင်ရော၊ မူရော နှစ်ခု စလုံးကိုပါ မပြောနိုင်သေးပါဘူး” ဟု ဆိုပါသည်။
KUDP သည် လွန်ခဲ့တဲ့ ၃ လမှ စပြီး မြို့နယ်တိုင်းသို့ အကြို ညှိနှိုင်းဆွေးနွေးခဲ့ သော်လည်း မှတ်ပုံတင်ခွင့် လျှောက်လွှာကို ပြီးခဲ့သည့် ၂ လကမှ တင်ထားခဲ့ပါသည်။ ထိုသို့ ပါတီ မှတ်ပုံတင် ရန် လျောက် ထားသည့် အပေါ် ဇွန်လ ၁၁ ရက် နေ့ကျမှ မှတ်ပုံတင်ခွင့် ရရှိကြောင်း အကြောင်းကြား စာရောက်လာခဲ့ပါသည်။
KUDP ပါတီ မှတ်ပုံတင်ခွင့် ကျလာသည့် ဇွန်လ ၁၁ ရက်နေ့ကိုသာ ပါတီမွေးနေ့ အဖြစ် အတည်ပြု သတ်မှတ်ထား သည်ဟု ဆိုပါသည်။
KUDP သည် ကယားပြည်နယ် အတွင်း၌ ရှိသော အခြားနိုင်ငံရေး ပါတီများနှင့် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ် ထားသလို ၂၀၁၄ ခုနှစ်တွင်လည်း ညီညွတ်သည့် အမျိုးသား ညီလာခံ တရပ် ကျင်းပနိုင်ရေးကိုလည်း ညှိနှိုင်းထားခဲ့ကြောင်း ဆိုပါသည်။ ယင်းညီညွတ်သော အမျိုးသား ညီလာခံမှ တဆင့် ပြည်နယ် အစိုးရ အဖွဲ့ဖွဲ့စည်းနိုင်လောက်သည့် အခြေအနေထိ ဖန်တီး သွားမည်ဟု ဆိုပါသည်။ သို့သော် အဖွဲ့အစည်း၏ မူဝါဒ သဘောထား ကြေငြာချက်အား ထုတ်ထား သည်မှာ မရှိသေးကြောင်း ဆိုပါသည်။
ထို့အပြင် KUDP သည် တိုင်းရင်းသား ရေးရာ ကိစ္စများနဲ့ ပတ်သတ်ပြီး တိုင်းရင်းသား ညီနောင်များ အဖွဲ့ (NBF) တွင်လည်း လေ့လာသူ အဆင့် ပါ၀င်ထားသည်။
KUDP သည် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) အား ကယားပြည်နယ်တွင်းမှ ကယား တိုင်းရင်းသား အရေးကို ဆောင်ရွက်နေသော နိုင်ငံရေး ပါတီ တရပ်အဖြစ် မှတ်ယူ ထားသည်ဟု ဆိုပါသည်။
မူလက NLD ပါတီ အဖွဲ့ဝင်များ ဖြစ်ပြီး ၄င်းတို့ထံမှ နုတ်ထွက်ကာ ပါတီသစ် တည်ထောင်လိုက်ခြင်း ဖြစ်သော်လည်း NLD အား အတိုက်အခံ လုပ်ခဲ့ခြင်း မဟုတ်ပဲ ဒေသတွင်း လိုအပ်ချက်ကြောင့်သာ ဖြစ်ကြောင်း ဆိုပါသည်။
ဦးဆောင်သူများမှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်များ ဖြစ်သည့် ဦးအောင်တင်နှင့် ဦးဖိုးယင်း အပါ၀င် ဆရာစောဒယ်နီရယ်တို့ ဦးဆောင်ပြီး ဗဟိုကော်မတီဝင် ၁၆ ဦး အဖွဲ့ဝင် ၅၉ ဦးဖြင့် ဖွဲ့စည်း သွားမည်ဖြစ်ပြီး ကယား ပြည်နယ်အတွင်း လောလောဆယ် ရင်ဆိုင်နေရသော လူ့အခွင့်အရေး၊ တရား ဥပဒေ စိုးမိုးမူနှင့် မြေယာ ပြဿနာများကို အလေးထား ဖြေရှင်း ပေးသွားမည် ဖြစ်ကြောင်း ခေါင်းဆောင်များက ဆိုပါသည်။