စက်မှုလယ်ယာ ဦးစီးဌာနမှ လယ်ယာမြေ ဧက ၅၀ အခမဲ့ ဖော်ထုတ်

စက်မှုလယ်ယာ ဦးစီးဌာနမှ လယ်ယာမြေ ဧက ၅၀ အခမဲ့ ဖော်ထုတ်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဘူးကူးကျေးရွာအုပ်စုရှိ လယ်ယာမြေတွေကို စက်မှုလယ်ယာ ဦးစီးဌာနကနေပြီး လယ်ယာမြေဧက ၅၀ အခမဲ့ ဖော်ထုတ်ပေးတယ်လို့ ပြည်နယ် စက်မှုလယ်ယာ ဦးစီးမှူး ဦးထွန်းထွန်းခိုင်က ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဒီစက်မှုလယ်ယာ ဧကဖော်ထုတ်ပေးတယ်ဆိုဒါက ဒီတောင်သူတွေကို ပညာပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ မူလတောင်သူတွေရဲ့ လယ်ယာမြေတွေကို နိုင်ငံတော်ဘဏ္ဍာငွေတွေနဲ့ အခမဲ့ ဖော်ပေးပြီးတော့ မူလပိုင်ရှင်တွေကဘဲ ပြန်လုပ် ရမယ် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွန်ချက်နှင့်အညီ စက်မှုလယ်ယာစနစ် ပြောင်းဖို့ရန်အတွက် စံပြကွက်အနေဖြင့် ရည်ရွယ်တာဖြစ်ပြီး ၎င်းလယ်ကွက်တွင် ကုန်ထုတ်ကုန်သွင်း လွယ်ကူစေမည့် လမ်းတွေ၊ ရေနုတ်မြောင်းတွေကို စနစ်တကျ ဖော်ထုတ်ပေးခြင်းများ ပြု လုပ်ပေးနေတာ ဖြစ်ပါတယ်။

တောင်သူလယ်သမားတဦးဖြစ်တဲ့ ဦးဦးရယ်က “အခုသူတို့ လုပ်နေတဲ့ပုံစံအရဆိုတော့ ရေသွင်းမြောင်းတွေ ရေနုတ်မြောင်းတွေ၊ ကုန်ထုတ်လမ်းတွေ၊ လုပ်ပေးတဲ့အတွက်ကျွန်တော်တို့ စိုက်ပျိုးတဲ့နေရာမှာလည်း လွယ်ကူတယ်။ နောက်ပြီးတော့ အရင်ကဆို ကျွန်တော်တို့ ဒီကနေ ဟိုနေရာထိ လူနဲ့ပေါ့ ထမ်းထုတ်ရတယ်။ အခုဆို ကျွန်တော်တို့ ထမ်းစရာ မလိုတော့ဘူးပေါ့နော်။ အဲဒါကုန်ကျစရိတ်တော့ နည်းနည်းတော့ သက်တာတယ်” လို့ ပြောပါတယ်။

ယခု စံပြအနေဖြင့် အခမဲ့လယ်ဧကတွေ ဖော်ထုတ်ပေးတဲ့ နေရာမှာ ဒေါဘူးကူးကျေးရွာအုပ်စုမှ ကွင်းအမှတ် (၆၁) နှင့် (၆၂) ဖြစ်ပါတယ်။ ပြည်နယ်အစိုးရ အစီအစဉ်အနေနဲ့ လာမည့်နှစ်မှာ ဧက ၁၀၀၀ လုပ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။  ၎င်းစီမံကိန်းမှာ အဓိက လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းသာ ဦးစွာ အကောင်အထည် ဖော်မည်ဖြစ်တယ်လို့ သိရပါတယ်။

တခြားစီမံကိန်းတွေအနေနဲ့ ဒီးမော့ဆိုမြို့နယ်တွင် ဧက ၁၀၀၊ ဖရူဆိုမြို့နယ်တွင် ဧက ၁၀၀၊ မယ်စဲမြို့ နယ်တွင် ဧက ၁၀၀ ဖြင့် ကုန်းမြင့်လယ်ယာကို စုစုပေါင်း ဧက ၃၀၀ ဖော်ထုတ်ဖို့ရှိတယ်လို့ သိရပါတယ်။