ကရင် အမျိုးသား အစည်းအရုံး (KNU) သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲစဉ် သဘောတူထားသည့် သဘော တူညီချက် များကို အကောင်အထည် ဖေါ်ရာတွင် ကြံ့ကြာနေသည့် အတွက် အရေးကြီးနေသော စစ်ဖက်ဆိုင်ရာ ကိစ္စများကို ဆွေးနွေးရန် KNU ဖက်မှ အမြဲတမ်း တိုက်တွန်း နေခဲ့ရပါသည်။
သို့သော် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန်လ (၁၅) ရက်နှင့် (၁၆) ရက်နေ့ အလွတ်သဘော တွေ့ဆုံပွဲ ပြီးဆုံးသည် အထိ အဖြေ အတိအကျ မရရှိခဲ့သေးပေ။ KNU နှင့် အစိုးရတို့သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေးကို ဘားအံ မြို့တွင် လက်မှတ် ရေးထိုး ခဲ့ပါသည်။ ထို့အပြင် ဧပြီလ ၆ ရက်နေ့တွင် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ထပ်မံ ကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ၃ ရက်နှင့် ၄ ရက်တို့တွင် ဘားအံမြို့ရှိ ဇွဲကပင် ခန်းမတွင် နောက်ထပ် တကြိမ် ဆွေးနွေး ခဲ့ပြီးနောက်ပိုင်း ယခု အချိန်ထိ တရားဝင် ဆွေးနွေးပွဲများ ထပ်မံ ကျင်းပနိုင်ခဲ့ခြင်း မရှိသေးပေ။
KNU သည် အပစ်အခတ် ရပ်စဲရေးကိုလက်မှတ် ရေးထိုးပြီးနောက်ပိုင်း အမြန်ဆုံး တပ်နေရာ ချထားရေး အတွက် တိုက်တွန်းနေခဲ့ပါသည်။ ပြည်ထောင်စု ဆွေးနွေးပွဲ တိုင်း၌လည်း တပ်နေရာ ချထားရေးကို ဦးစားပေး တင်ပြခဲ့ပါသည်။ ဤနေရာတွင် KNU သည် မိမိတို့ KNU နယ်မြေတွင် အစိုးရ တပ်စခန်းပေါင်း (၃၀၀) နီးပါး ရှိနေကြောင်း၊ တချို့ တပ်စခန်းများသည် အပစ်အခတ် ရပ်စဲထားပြီး ဖြစ်သည့်အတွက် မလိုအပ်တော့ကြောင်း ဤသို့ကြောင့် အစိုးရ တပ်စခန်း (၁၀၀) နီးပါး ရုပ်သိမ်း ပေးသင့်ကြောင်း တင်ပြခဲ့ပါသည်။
ဤကဲ့သို့ တင်ပြ ခဲ့သော်လည်း အစိုးရ တပ်ဖွဲ့များ ရုပ်သိမ်းပေးခြင်း မရှိခဲ့ပေ။ သို့သော် KNU သည် ဤကိစ္စကို သမ္မတ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ဆက်လက် တင်ပြခဲ့ပြန်ပါ သည်။ ဤသည်လည်း ထူးခြားမှု မရှိပေ။
ဘာကြောင့်နည်း?
“ အစိုးရကတော့ဗျာ သူတို့က အစီအစဉ် ဆွဲပြီး သူတို့ ထိန်းချုပ်လို့ ရအောင် နည်းသစ်နဲ့ အကောင်အထည် ဖေါ်နေတဲ့ နေရာမှာ သူတို့ တပ်တွေ ပြောင်းရွှေ့ လျှော့ချပေးမယ့် ဆုံးဖြတ်ချက် မရှိဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့် ကြံ့ကြာ နေတာလည်း ဖြစ်မယ်။ နောက်တမျိုးလည်း စဉ်းစားလို့ ရပါသေးတယ်။ တပ်ကိစ္စကို အချိန်ဆွဲပြီး ညှိနှိုင်းသွားတဲ့ နည်းကို အသုံးပြုနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အချိန်ဆွဲလိုက်မယ် ဆိုရင်လည်း တဖက်မှာ ကိုယ့်အချင်းချင်း အမြင်ကွဲပြား သွားအောင် ဆွဲဖျဲတာလည်း လုပ်နိုင်ပါတယ်” ဟု KNU တပ်မှူးဟောင်း တစ်ဦးက ဆိုပါသည်။
လက်တွေ့ပိုင်းတွင် အစိုးရ တပ်ဖွဲ့များသည်၊ KNU နှင့် အပစ်အခတ် ရပ်စဲသွားပြီးနောက် ဖါပွန်ခရိုင်နှင့် ဘားအံခရိုင် ဒေသ ဖက်၌ ရှိသော ရှေ့ တန်း တပ်စခန်းများကို ကွန်ဂရက် ဘန်ကာကျင်းများနှင့် ကတုတ်ကျင်းများ အခိုင်အခန့် တည်ဆောက် လာခဲ့ပါသည်။ တချိန်ထဲတွင် ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) နှင့် နယ်ခြားစောင့်တပ် (BGF) တပ်များ အချင်းချင်း တိုက်ခိုက်ရန် စီစဉ်ထားပြီး၊ နောက်ဆုံး၌ DKBA ကို ဘားအံခရိုင်၊ မြိုင်ကြီးငူ ဒေသမှ မောင်းထုတ်ရန် စီစဉ် လာခဲ့ပါသည်။
KNU တပ်မဟာ (၅) ဒေသ ဖါပွန်မြို့နယ်တွင်လည်း အခိုင်အခန့် တည်ဆောက်လာသော တပ်စခန်းများကြောင့် ဒေသခံံ ပြည်သူများကို ပေါ်တာအဖြစ် ခေါ်ယူ အသုံးပြုလာသလို သွားလာရေးကိုလည်း ချုပ်ချယ် လာခဲ့ပါသည်။ တချိန်ထဲတွင် တပ်စခန်းများ ခိုင်မာလာသည်နှင့် အမျှ တပ်ဖွဲ့များသည် ခရိုနီများနှင့် ပူးပေါင်းပြီး မြေသိမ်းမှုများ ဖြစ်ပွားလာခဲ့သည်ဟု ဘားအံမြို့ပေါ်ရှိ အပစ်ရပ်ရေးကို စောင့်ကြည့် လေ့လာနေသူများက ဆိုပါသည်။
KNU သည် အစိုးရနှင့် ရေရှည် ငြိမ်းချမ်းရေးကို တည်တံ့ ခိုင်မြဲရေးအတွက် ကြိုးစားလိုကြောင်း သဘောထား ခဲ့ပါသည်။ ဤသို့ကြောင့် မိမိတို့ဒေသ၌ ခိုင်မာသော တပ်ဖွဲ့များ နေရာ ချထားရေးကို လိုလားနေခြင်းဖြစ်ကြောင်း အထွေအထွေ အတွင်းရေးမှူးဖြစ်သူ ပဒိုကွယ်ထူးဝင်းက ဆိုပါသည်။
“ ရည်ရွယ် ထားတဲ့အတိုင်း တည်ဆောက်နေတာဘဲ။ ဒါပေမဲ့ ဒီကိစ္စက တဖက်သတ် လုပ်ယူလို့ မရဘူးလေ။ အဓိကကတော့ အစိုးရမှာဘဲ မူတည်လိမ့်မယ်။ ကျနော်တို့က ရိုးရှင်းတယ်။ အကောင်းဆုံး ကတော့ ကျနော်တို့ KNU နယ်မှာ ရှိတဲ့ အစိုးရ တပ်ရော၊ DKBA တွေရော၊ BGF ရော အသေအချာ နေရာချဖို့ လိုလိမ့်မယ်။ မချနိုင်ဘူးဆိုရင် ပြသနာ ဖန်တီးဖို့ တမင်ရည်ရွယ် နေတာလားဆိုတာ တွေးစရာဖြစ်လာနေတယ်” ဟု ဆိုပါသည်။
သို့သော် KNU သည် မူလ ရည်ရွယ်ချက် အတိုင်း တပ်နေရာ ချထားရေးကို ဆက်လက် ဆွေးနွေးနိုင်ရန် ကြိုးစားနေကြောင်း ဆိုပါသည်။ ဤသို့ကြောင့် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ရန်ကုန်မြို့ရှိမြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ၌ အလွတ်သဘော ထပ်မံဆွေးနွေးပြန်ပါသည်။
ဤဆွေးနွေးပွဲတွင် တပ်နေရာ ချထားတွင် နှစ်ဖက် လိုက်နာရမည့်Code of Conduct ကိစ္စကိုအလွတ်သဘောမျိုး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းဆွေးနွေးပွဲ၌ နည်းပညာ အထောက်အကူပြု အဖွဲ့ (Technical Team) အဖြစ် KNU ဖက််မှ ပဒိုစောတာဒို့မူး (ဗဟို အလုပ် အမှုဆောင် ကော်မတီ အဖွဲ့ဝင် ) ဦးဆောင်ပြီး၊ပဒိုစောအဲ့ကလူစေး (တရား ရေး ဌာန တာဝန်ခံ )၊ ဗိုလ်မှူး တာမလာသော၊ပဒိုစောလှထွန်း (ဗဟိုအမြဲတမ်း ကော်မတီ အဖွဲ့ဝင် )၊ ပဒိုစောအောင်ဝင်းရွှေ (နိုင်ငံခြားရေး ဌာန တာဝန်ခံ ) နှင့် စောတာမူလာတို့ တက်ရောက် ခဲ့ပါသည်။
“ ဒီလိုပါ။ တပ်နေရာ ချထားရာမှာ လိုအပ်တဲ့ နှစ်ဖက်တပ်တွေ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းပေါ့ (Code of Conduct) ကို အကြမ်းဖျင်း ဆွေးနွေးကြပါတယ်။ ပြီးတော့ နှစ်ဖက်ကနေ ဆို်င်ရာ အထက် အဖွဲ့အစည်းတွေကို တင်ပြကြမယ်။ ပြီးတော့ လာမယ့် ဇူလိုင်ထဲက အားတဲ့ တနေ့နေ့ပေါ့ဗျာ။ ပြန်တွေ့ကြမယ်လို့ ချိန်းထားတယ်၊ ဒါပါဘဲ” ဟု ပဒိုကွယ် ထူးဝင်းက ဆိုပါသည်။
ယင်းအလွတ်သဘော ဆွေးနွေးပွဲသို့ အစိုးရ ငြိမ်းချမ်းရေး စင်တာဖက်မှ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာမင်းဇော်ဦး၊ဗိုလ်မှူးကြီးကျော်စိုးဝင်း၊ဦးထွန်းထွန်းဦး (ဒုတိယ တရားသူကြီးချုပ်)၊ ဒေါက်တာ နော်ရီဘက်ခါတင်၊ ဗိုလ်မှူးကြီးအောင်လွင် (ကရင်ပြည်နယ် နယ်လုံဝန်ကြီး) တို့ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးမှုထဲတွင် လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများနှင့် ပတ်သက်ပြီးအချက် ၃၀ ကျော် အသေးစိတ် ဆွေးနွေး ထားကြရာမှာ အခန်းလိုက်ဆွေးနွေးခဲ့ကြပါသည်။ ပြင်ဆင်ရန် လိုအပ်သည့် စကားလုံး အသုံးအနှုန်းများကိုလည်း ပြန်လည် ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆွေးနွေးပွဲ၌ ပါ၀င်သော အတွင်းရေးမှူး (၂) ဗဒို မန်းမန်းက ပြောပါသည်။
“ကျနော်တို့ ဆွေးနွေးတာက အဓိကတော့ တပ်နေရာ ပြန်လည် ချထားရေးနဲ့ စောင့်ကြည့် လေ့လာရေး အဖွဲ့ ထားရှိ ဖွဲ့စည်းတာကို ဆွေးနွေး ခဲ့ကြတဲ့ အပြင်အချို့သော မရှင်းလင်းသည့် အချက်များ၊ စကားလုံး အသုံးအနှုန်းများကို နားလည် ရလွယ်ကူအောင် နှစ်ဖက် ညှိနှိုင်းပြီး ပြင်ဆင် ဖြည့်စွက် ဆွေးနွေး ခဲ့ကြပါတယ်” ဟု ဆိုထားပါသည်။
ဤသို့ကြောင့် အလွတ်သဘော ဆွေးနွေးပွဲ ရလာဒ် အကြောင်းကို KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းကို မေးကြည့်တော့ ဒီအပတ် သွားဆွေးနွေးတဲ့အခါ အဓိက ရလဒ်က ဘာလဲ။
“အလွတ်သဘော ဆိုတဲ့အပေါ်မှာ ရလဒ်ကိုတော့ ထုတ်ပြန်ဖို့အတွက် အတည်ပြုပြောဆိုဖို့ အတည်ပြုလို့ မရသလို အကောင်အထည် ဖော်လို့ မရသေးတဲ့ အတွက်လည်း ရလဒ်က ဘာလဲဆိုတာပြောရတာ ခက်ပါတယ်။ အဓိက Code of Conduct ကို အလွတ်သဘော ဆွေးနွေးကြတာပေါ့။”
မေး။ ။ တပ်နေရာ ချထားရေး ကိစ္စကို အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲမှာ ပါသေးလား။
“Code of Conduct ဆွေးနွေးတဲ့ နေရာမှာ တပ်နေရာ ချထားရေး ကိစ္စလည်း ပါပါတယ်။ ဘားအံမှာ တွေ့ဆုံခဲ့စဉ်က ဆွေးနွေး ခဲ့သည့် အတိုင်း တပ်တွေကို ဘယ်လိုနေရာ ချထားရေး လုပ်မလဲ။ ဘယ်လို ရွေ့ပြောင်းပေးနိုင်မလဲ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အတွက် တပ်မဟာ (၇) ခုမှာ ရှိတဲ့ အစိုးရ တပ်တွေကို လျော့ချပေးဖို့ တင်ပြခဲ့ တောင်းဆိုခဲ့တယ်။ အဲဒီအပေါ် အခြေခံပြီးတော့ ဆွေးနွေး သွားကြပါတယ်။ အလွတ် သဘောမှာ အကြို ညှိနှိုင်းပြီးမှ တရားဝင် တွေ့ဆုံဖို့ ရှိသေး တာပေါ့နော်။ တရားဝင်တွေ့ဖို့ဆိုတာကလည်း အစိုးရ ဘက်က ဘာမှ ပြောသွားတာ မရှိသေးပါဘူး။”
မေး။ ။ အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း အစိုးရ တပ်တွေက KNU နယ်မြေမှာ အရင်ကထက် စာရင် ပိုပြီး ခိုင်မာအောင် တည်ဆောက်နေကြတယ်။ တချို့ဆို ကတုတ်ကျင်းတွေမှာ ကွန်ကရစ်နဲ့ လောင်းပြီး တည်ဆောက်နေကြတယ်လို့ ဒေသခံ ရွာသားတွေက ပြောလာတာ ရှိတယ် အဲဒီအပေါ်မှာ ဆရာတို့ ဘယ်လို သုံးသပ်ပါသလဲ။
“အပစ်အခတ် ရပ်စဲရေး စလုပ်ပြီး ယုံကြည်မှု တည်ဆောက်တယ် ဆိုရင် အဲဒီိလို လုပ်ရပ်တွေက ဖြစ်သင့်တဲ့ ကိစ္စ မဟုတ်ပါဘူးလေ။ အခု ပြီးခဲ့တဲ့ အလွတ်သဘော ဆွေးနွေးတဲ့ အခါမှာလည်း တပ်ပိုင်း ဆိုင်ရာ ကိစ္စမှာ တပ်ရွေ့ပြောင်းရေးကိစ္စ တပ်နေရာ ချထားရေး ကိစ္စ ဆိုတာကို လျော့ချဖို့အတွက် အစိုးရတပ်တွေ မလျော့ချတာကို အဓိက ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စကို ဆွေးနွေးချင်လို့ပဲ တရားဝင် ဆွေးနွေးမှု မပြုလုပ်ခင်မှာ အလွတ်သဘောကို ကြိုပြီး ဆွေးနွေးနေရတာ ဖြစ်ပါတယ်။”
မေး။ ။ အပစ်အခတ် ရပ်စဲရေး လုပ်နေတဲ့ အချိန်မှာ အခုလိုဖြစ်စဉ်မျိုး ဆက်ဖြစ်နေတဲ့ အပေါ် လူထုတွေကလည်း စိုးရိမ်နေ ကြပါတယ်။ အဲဒီ အပေါ်မှာရော ဘယ်လို ပြောချင်ပါသလဲ။
“ပြည်သူလူထုတွေ စိုးရိမ်နေကြတာကို ကျတော်တို့လည်း သိနေပါတယ်။ အဲဒါကြောင့်လည်း ဒီကိစ္စတွေကို အဓိကထား ဆောင်ရွက်နေတာပေါ့။ အပစ်အခတ် ရပ်စဲရေး တည်ဆောက်ပြီး ဆိုတော့ အဲဒီလို ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ အခုလို ဖြစ်ရပ်မျိုးတွေ ဖြစ်နေတာ ကျနော်တို့ ယုံကြည်မှု တည်ဆောက်ဖို့ အများကြီး ခက်ခဲပါတယ်။ ဘာဖြစ်လဲဆိုတော့ အပစ်အခတ် ရပ်စဲရေး ရယူပြီးတဲ့ နောက်ပိုင်းမှာမှ အစိုးရဘက် စစ်ရေးအရ လက်ဦးမှု ယူပြီး တပ်တွေကို ပြင်မှုတွေ မဖြစ်အောင် စဉ်းစားပါတယ်။ ဒါပေမဲ့ လည်း သူတို့က အခုလိုကြိုတင် ပြင်ဆင် ထားကြပြီးမှ တပ်နေရာ ချထားရေးကို ဆွေးနွေးနေတဲ့ သဘောကို တွေ့နေပါတယ်။ ခက်တော့ အခက်သားဗျ ပြောရတာ”
မေး။ ။ အပစ်အခတ် ရပ်စဲရေး အခန်း ကဏ္ဍမှာ KNU က အစိုးရနဲ့ တရားဝင်ဖြစ်စေ အလွတ်သဘောဖြစ်စေ အကြိမ်ကြိမ် တွေ့ခဲ့ပြီးဆိုတော့ အပစ်အခတ် ရပ်စဲရေး မတိုင်ခင် အခြေအနေနဲ့ အပစ်အခတ် ရပ်စဲပြီး အခြေအနေကို ဘယ်လို သုံးသပ်ပါသလဲ။
“ အပစ်အခတ် ရပ်စဲရေး မတိုင်ခင်က တဖက်နဲ့တဖက် တိုက်ပွဲဖြစ်တယ်။ နှစ်ဖက်တပ်တွေမှာလည်း ကျဆုံးမှု တွေရှိ နေပါတယ်။ လူထုတွေကလည်း ထိခိုက်နစ်နာမှုတွေ ပျက်ဆီးမှုတွေရှိတယ်။ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းမှာတော့ အဲဒီ ကိစ္စတွေ လျော့နည်း သွားပါတယ်။ ဒါပေမယ့် တချို့ အုပ်ချုပ်မှု အပိုင်းတွေမှာ တဖက်နဲ့တဖက် မလိုလားအပ်တဲ့ အစိုးရဘက်က တပ်တွေ ပိုမို ခိုင်မာအောင် တည်ဆောက် နေတဲ့အတွက် ယုံကြည်မှု တည်ဆောက်ဖို့ အပစ်အခတ်ရပ်စဲရေးကို အဟန့်အတား ဖြစ်စေတဲ့အတွက် အလားလာတော့ မကောင်းဘူးပေါ့။ နောက်တစ်ချက်က အပစ်အခတ် ရပ်စဲရေး မလုပ်ခင်က ကျနော်တို့က KNU အုပ်ချုပ်ရေး နယ်မြေမှာ လူမှုဝန်ဆောင်မှု ယန္တရားတွေ ဆောင်ရွက် နေတာ ရှိတယ်။ အစိုးရ ဘက်ကလည်း သူတို့ဘက်မှာ သူတို့ ၀န်ဆောင်မှု ယန္တရားကို သူတို့ အုပ်ချုပ် နယ်မြေဘက် မှာရှိတယ်။”
“ အပစ်အခတ် ရပ်စဲရေး စလုပ်ပြီး နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေး ယန္တရား နှစ်ခုမှာ တစ်ခုနဲ့ တစ်ခု သဟဇာတ မဖြစ်ပဲ ထိပ်တိုက် ဖြစ်နေတာလည်း ရှိပါတယ်။ ဆိုလိုတာက ကျနော်တို့မှာ အုပ်ချုပ်ရေး စနစ် သာမက တရားရေးရာပိုင်း ဆိုရင်လည်း ကျနော်တို့ အုပ်ချုုပ်ရေး နယ်မြေဘက်မှာ ရှိနေပါတယ်။ ဒါကိုလည်း စိတ်ရှည် သည်းခံပြီး အများကြီး ညှိနှိုင်းပြီး လုပ်ဆောင်ရဦးမှာပါ။”
မေး။ ။ အခုက အစိုးရဘက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေ ဖြည့် တပ်စခန်းကို အခိုင်အမာ တည်ဆောက် ရိက္ခာတွေဖြည့် တဲ့အပေါ်မှာ ပြည့်သူလူထုတွေက စိုးရိမ်ကြောက်ရွ့ံ နေကြပါတယ်။ အဲဒီအပေါ်မှာကော KNU အနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ အကာအကွယ်ပေးနိုင်မလဲ။
“ တပ်ကို ပြန်လည် ရုပ်သိမ်းပြီး ရွေ့ပြောင်းပေးရေးနဲ့ပတ်သတ်ပြီး အလွတ်သဘော တွေ့ဆုံမှုတိုင်းမှာ Code of Conduct မှာဖြစ်ဖြစ် တွေ့ဆုံမှု စာပွဲဝိုင်းမှာပဲ ဖြစ်ဖြစ် ဆက်လက် ညှိနှိုင်းသွားဖို့ ရှိပါတယ်။ အဲဒါမှ မဟုတ်ရင် ရှေ့ဆက် ကျနော်တို့ ယုံကြည်မှု တည်ဆောက်ရေးမှာ အဟန့်အတား ဖြစ်စေမှာ အမှန်ပါဘဲ။”
မေး။ ။ အစိုးရတပ် ရွေ့ပြောင်းမှု ရှေ့အလားအလာ ဘယ်လိုရှိမလဲ ဆိုတာကို KNU အနေနဲ့ ဘယ်လို သုံးသပ်ပါသလဲ။
“ ပြီးခဲ့တဲ့ တရားဝင် တွေ့ဆုံမှုမှာကတည်းက တပ်ကိစ္စနဲ့ပတ်သတ်ပြီး အစိုးရ ကိုယ်စားလှယ်က အထက်ကို ပြန်တင် ပြမယ် အဲဒါနဲ့ပဲ သဘောထားပေးခဲ့ပါတယ်။ ကျနော်တို့ ထင်တယ် သူတို့ ဘက်မှာလည်း အကန့်အသတ် အများကြီး ရှိမှာပါ။ ဒီအကန့်အသတ်ကို ကျော်လွှားနိုင်ဖို့အတွက် တရားဝင် မတွေ့ဆုံခင် ပြီးခဲ့တဲ့ ဇွန် ၁၅ ၊၁၆ မှာလဲ အလွတ်သဘောနဲ့ အကြို ဆွေးနွေးဖြစ်ခဲ့ပါတယ်။ တကယ်လို့ နောက်ထပ် တရားဝင်တွေ့ဆုံပြီးတဲ့ အခါ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ရရှိဖို့နဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ ကျနော်တို့က ပြည်သူလူထုတွေကို Code of Conduct ကို ထုတ် ပြန်ကြေငြာထားပြီးသားပါ။”
မေး။ ။ စိုးရိမ်နေတဲ့ ပြည်သူလူထုကို ဘာပြောချင်လဲ။
“ ပြည်သူလူထုကို ပြောချင်တာက ကျနော်တို့က ဒီအတိုင်းပဲ နေမှာတော့ မဟုတ်ဘူး။ တဆင့်ပြီးတဆင့် ပြုလုပ်ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ ဘက်ကလည်း ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ရဖို့က နိုင်ငံရေးအရ ဖြေရှင်းတဲ့ တွေ့ဆုံဆွေးနွေးမှုရဲ့ အလားအလာကို စတင် ဆောင်ရွက်နေမှာဖြစ်တယ်။ တကယ်လို့ နိုင်ငံရေးအရ ဆွေးနွေးမှု ဖြေရှင်းမှု မလုပ်နိုင်ပေးဘူး ဆိုရင်တော့ အပစ်အခတ် ရပ်စဲရေး ကာလကလည်း ဆက်တငင်ငင်ပဲ ဖြစ်နေဦးမှာပါ။
မေး။ ။ ဒီတစ်ခေါက် ဆွေးနွေးတာက အလွတ်သဘော ဆိုတော့ နောက်တစ်ခေါက်မှာကော တရားဝင်ဖြစ်နိုင်မလား။
“ ကျနော်တို့က အကန့်အသတ်က ရှိနေသမျှတော့ အလွတ်သဘောပဲ ဆက်ဖြစ်ဦးမှာပါ။ အကန့်အသတ် ဆိုတာကလဲ ပြေလည်မှုကို ဘယ်လောက်အထိ အလျော့အတင်း လုပ်လို့ ရမလဲ ကိစ္စအပေါ်မှာ တရားသဖြင့် အလျော့အတင်းကို ဖြစ်စေ ချင်တယ်။ မတရားသဖြင့် ရှိနေတာကို ဖြေလျော့ပေးဖို့ လုပ်ဆောင်သွားမယ်။ မပြေလည်မချင်း အလွတ် သဘော ကိုသွားမှာတော့ မဟုတ်ဘူး။ ဒီအကန့်အသတ်တွေ အမှန်တရားတခုကို မကျော်လွှားနိုင်ဘူး ဆိုရင် ကျနော် တို့ဘက်က ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ဖို့အတွက် တရားဝင် တွေ့ဆုံမှုတွေ လုပ်ပြီး ပြည်သူလူထုကို အခြေအနေတွေ ပြောပြသွားမှာပါ။
မေး။ ။ နောက်ထပ်ဘာများ ပြောချင်ပါသေးလဲ။
“ ဒီတပါတ်မှာ မရှင်းလင်းသေးတဲ့ ဝေါဟာရကို ဆွေးနွေးဖြစ်ပါတယ်။ အဲဒါတွေက တချို့ ဥပဒေ ဆန်တဲ့ ဝေါဟာရ ဘာသာရပ် ဝေါဟာရကို အစိုးရ ဘက်က ပြောဆိုတဲ့အခါ ဒီဘက်က တပ်မှူး တချို့က အစိုးရဘက်က ပြောတဲ့ ဝေါဟာရက ရှုပ်ထွေးပြီး မရှင်းမလင်း ဖြစ်နေတာကို ဆွေးနွေးကြတာပါ။”
ဤသည် ပြီးခဲ့သည့် ဇွန်လ (၁၅) ရက် (၁၆) ရက်နေ့ က KNU နှင့် အစိုးရတို့ အလွတ်သဘော တွေ့ဆုံရာမှာ ဆွေးနွေးခဲ့သော အကြောင်းအရာ ရလာဒ်ကို KNU အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းနှင့် ရွှေဟင်္သာ သတင်းဌာနမှ သတင်း ထောက် နော်ဆွိတို့၏ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါသည်။