သိမ်းဆည်းခံ လယ်မြေများအား ပြည်နယ်ဝန်ကြီးချုပ်ထံ ရခိုင် လယ်သမားများ တောင်းဆို

သိမ်းဆည်းခံ လယ်မြေများအား ပြည်နယ်ဝန်ကြီးချုပ်ထံ ရခိုင် လယ်သမားများ တောင်းဆို
by -
နိရဥ္ဇရာ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်မှ  လယ်သမား ၂၀ ကျော်က ဆိပ်ကမ်းအာဏာပိုင်များနှင့် ရေတပ်မှ သိမ်းဆည်း ထားသည့် လယ်မြေများကို ပြန်ရလို၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ထံ ဇွန်လ ၁၉ ရက်နေ့က စာရေးတောင်းဆိုလိုက်ကြောင်း သိရသည်။

စာရေးတောင်းဆိုလိုက်သည့် လယ်သမားများမှာ ပုဏ္ဍားကျွန်းမြို့နယ် ခမောင်းတောအုပ်စု ရဲရိုးပြင် ကျေးရွာမှ လယ်သမားများဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ်ထံ စာရေးတောင်းဆိုရခြင်းနှင့် ပတ်သတ်ပြီး ဒေသခံလယ်သမားတစ်ဦးက နိရဥ္စ ရာကို ယခုကဲ့သို့ပြောသည်။

“ လယ်တွေကို သိမ်းထားပြီး ဘာမှမလုပ်ဘူး လယ်သမားတွေကို တစ်ဧကကို ၈ တင်းနှုန်း နဲ့ ပြန်ပြီး သီးချစားပါတယ်။ ဒီလို လယ်မြေတွေကို သိမ်းထားတဲ့အတွက် လယ်သမားတွေ အလွန်ဒုက္ခ ရောက်ကြရပါတယ်။ နောက်ဆုံးအဆင့် လယ်သမားတွေမှာ သားသမီးတွေကိုတောင် မူလတန်း  အဆင့်ပညာကိုတောင် မသင်ပေးနိုင်တဲ့ အခြေအနေရှိနေပါတယ်။ ဒါကြောင့် မိမိလယ်ကို မိမိပြန် လိုချင် တယ်ဆိုတဲ့အကြောင်းတွေကို ရေးပြီးတောင်းဆိုထားပါတယ်။”

သိမ်းဆည်းခံထားရသည့် လယ်မြေများမှာ ဧကပေါင်း ၁၂၀ ခန့်ရှိပြီး ဆိပ်ကမ်း အာဏာပိုင်များ ကဧကပေါင်း ရ၀ ကျော်နှင့် ဓညဝတီရေတပ်ဌာနချုပ်မှ ဧက ၅၀ ခန့်ကို ၁၉၉၅ ခုနှစ်က သိမ်းယူ ထားခြင်းဖြစ်သည်။

ယခုလက်ရှိအချိန်တွင် လယ်သမားများ အနေဖြင့် ပြည်နယ် ၀န်ကြီးချုပ်ထံကို စာတင်ထားသလို တစ်ဘက်တွင်လည်း သိမ်းဆည်းခံထားရသည့်လယ်မြေများတွင် ထွန်ယက်နေ ကြကြောင်း အဆိုပါ လယ်သမားက ဆက်ပြောသည်။

“ အခု လယ်သမားတွေအခြေအနေက အဲဒီလယ်တွေကိုလုပ်စားခွင့်မရရင် လယ်သမားတွေမှာ  လုပ် စားစရာမရှိပါဘူး။ အခုလက်ရှိမှာတော့ အဲဒီတွေကို လယ်သမားးတွေ ထွန်နေကြပါတယ်။ အာဏာပိုင်တွေ ဘက်က ဟန့်တားတာတော့ မရှိသေးဘူး” ဟု ဆိုသည်။

လယ်သမားများက တောင်းဆိုစာကို ပြည်နယ် ၀န်ကြီးချုပ်ရုံးကို တိုက်ရိုက်ပေးပို့ခဲ့ပြီး၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးအပါအဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ကြံ့ခိုင်ရေးပါတီကိုလည်း မိတ္တူပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်အပါအဝင် အစိုးရဌာနဆိုင်ရာများမှ ဒေသခံများပိုင်ဆိုင်သည့် လယ်မြေနှင့် ဥယာဉ်ခြံမြေ အမြောက်အများကို တစ်စုံ တစ်ရာ အစိုးရ အဆောက် အဦးတွက် မဟုတ််ဘဲ သိမ်းဆည်းထားသည်။

လယ်ယာမြေနှင့် တခြားမြေများသိမ်းဆည်းခံမှုများကို စုံစမ်း စစ်ဆေးရန် ပြည်ထောင်စုလွတ်တော်မှ ကော်မီတီဖွဲ့စည်းပြီး အကြိမ်ကြိမ်စစ်ဆေးမှုများလုပ်ခဲ့သော်လည်း ယခုအချိန်အထိ တစုံတရာ တိုးတက်မှု မရှိသေးကြောင်း သိရသည်။

Most read this week