ဆရာတော် ဦးဥတ္တမ အတ္ထုပတ္ထိသမိုင်း ဗွီစီဒီခွေ စတင်ဖြန့်ချီ

ဆရာတော် ဦးဥတ္တမ အတ္ထုပတ္ထိသမိုင်း ဗွီစီဒီခွေ စတင်ဖြန့်ချီ
by -
နိရဥ္ဇရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေစေတီကျောင်းတွင် ဆရာတော် ဦးဥတ္တမ ပြတိုက် တစ်ခု ဆောက်လုပ်ရန် ရံပုံငွေရှာဖွေသည့် အနေဖြင့် ဆရာတော် ဦးဥတ္တမအတ္ထုပတ္တိ သမိုင်း ဗွီစီဒီခွေကို ယမန်နေ့က စတင်ပြီး  ဖြန့်ချီ ရောင်းချနေကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ဆရာတော်အသျှင် ဦးဥတ္တမအတ္ထုပတ္ထိသမိုင်း ဗွီစီဒီခွေ ဖြန့်ချီရသည့် ရည်ရွယ်ချက်ကို ရွှေစေတီ ကျောင်းဆရာတော် အရိယာဝံသက ယခုကဲ့သို့ မိန့်ကြားသည်။

“ ဆရာတော် ဦးဥတ္တမက မြန်မာနိုင်ငံအပါအဝင် အာရှတိုက်တခုလုံးကို လွတ်လပ်ရေးရအောင် လမ်းပြခဲ့တယ် ဆိုတာကို အများပြည်သူနဲ့ ကျောင်းသားလူငယ်တွေသိစေချင်တယ်။ နောက် တချက်က ဆရာတော်ဦးဥတ္တမ ပြတိုက်ဟာ မြန်မာနိုင်ငံမှာ မရှိသေးဘူး။ ဂျပန်မှာဆိုရင် ဆရာတော် ဦးဥတ္တမ စာပြခဲ့တဲ့ ကျောင်းနဲ့ ဆရာတော်ပြ တိုက်ကို အခုထိ ဂျပန်တွေ ထိမ်းသိမ်းထားတယ်။ မြန်မာနိုင်ငံမှာ ဆရာတော် ပြတိုက်လည်း မရှိ၊ ဆရာတော်ရဲ့ မှတ်တမ်း မှတ်ရာတွေကို ထိန်းသိမ်းမယ့် နေရာလည်း မရှိတဲ့ အတွက်ကြောင့် မြန်မာလူမျိုးတွေဟာ ဆရာတော်ရဲ့ ကျေးဇူးကို ဂျပန်တွေ လောက် မသိကြသလို ဖြစ်နေတယ်။ ဒါကြောင့်  ဆရာတော် သီတင်းသုံးခဲ့တဲ့ ရွှေစေတီကျောင်းမှာ ပြတိုက်တခု လုပ်ဖို့ ရည်ရွယ် ချက်နဲ့ ဗွီစီဒီတွေကို ဖြန့်ချီတာဖြစ်တယ်။”

အဆိုပါ ဗွီစီဒီခွေကို ယမန်နေ့နေ့လည်ပိုင်းက စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် အပါအဝင် မြို့တချို့တွင် တပြိုင်နက်တည်း ခွေတစ်ခွေလျှင် ကျပ်ငွေ ၁၀၀၀ ဖြင့် ဖြန့်ချီ ရောင်းချနေသည်ဟု ဆိုသည်။

ဗွီစီဒီခွေထဲတွင် ဆရာတော် အသျှင် ဦးဥတ္တမ သီတင်းသုံးခဲ့သည့်ကျောင်း၊ ဆရာတော် နေထိုင်ခဲ့သည့် နေရာ၊ ဆရာတော်အသျှင် ဦးဥတ္တမနှင့် သက်ဆိုင်သည့် မှတ်တမ်း မှတ်ရာများကို ထည့်သွင်းထားပြီး ဆရာတော် လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးမှတ်တမ်းများကိုပါ ဖေါ်ပြထားကြောင်း ဆရာတော် အရိယာဝံသက ပြောသည်။

အသျှင် ဦးဥတ္တမ၏ သမိုင်းကြောင်းကို နောက်ခံစကားပြောကို မွန်အမျိုးသား တစ်ဦးဖြစ်သူ အမျိုးသားရေး ဦးဝင်နိုင်က ဆရာတော်ကို ဂုဏ်ပြုသည့်အနေဖြင့် ပါ၀င်ကူညီထားကြောင်း သိရသည်။

“ မြန်မာနိုင်ငံ လွတ်လပ်ရေး အပါအဝင် အာရှတိုက်တခုလုံး လွတ်မြောက်ဖို့အတွက် ဘဝတစ်ခုလုံးကို မြုပ်နှံကြိုးစားခဲ့တဲ့့ ဆရာတော်ဦးဥတ္တမအတွက် မြန်မာနိုင်ငံမှာ အမှတ်တရ နေရာတခုမှ မရှိ တာကတော့ ဆရာ တော့်ရဲ့ တပည့်သားသမီးတွေ အတွက် အထူး ရင်နာစရာဖြစ်တယ်။ ဂျပန်တွေကတောင် ဆရာတော်အ မှတ် တရအတွက် ကျောင်းတွေကို ထိမ်းသိမ်းထားတယ်။ ဒါကြောင့် ပြတိုက်တစ်ခု ဖြစ်နိုင်အောင် ကြိုးစားနေတာပါ” ဟု ဆရာတော်က ဆက်လက် မိန့်ကြား သည်။

ဆရာတော် အသျှင် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်တွေမြို့ ရူပရွာ ချောင်းနားတန်းတွင် ဖခင် ဦးစံမြနှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့သည်။

အသက် ၁၃ နှစ်အရွယ်အတွင် ကိုရင်ဝတ်ပြီး ဗုဒ္ဓစာပေများကို လေ့လာဆည်းပူကာ ပြင်သစ်၊ ဟီန္ဒီ၊ ဂျပန်၊ အင်္ဂလိပ်၊ ဘင်္ဂလီ၊ တိဗက်စသည့် စာပေများနှင့်စကားများကိုလည်း တတ်မြောက်ခဲ့သည်။

ဆရာတော်သည် မြန်မာနိုင်ငံကို ဗြီတိသျှနယ်ချဲ့များအုပ်ချုပ်စဉ်က မြန်မာအမျိုးသားများကို အမျိုးသားရေး စိတ်ဓါတ် ပြန်လည်နိုးကြွလာအောင် တောရောမြို့ပါ မကျန် အမျိုးသားရေး တရားများ လှည့်လည် ဟောပြော စည်းရုံးခဲ့သည့်အပြင် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် ဗြိတိသျှ ဘုရင်ခံ ဆာဂျလ်အား မြန်မာပြည်မှထွက် သွားရန် နှင်ထုတ်ခဲ့သည့်အတွက် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးထောင်ချ သည်ကိုလည်း အကြိမ်ကြိမ်ခံခဲ့ရသည်။

ဆရာတော်သည် သူ့ဘဝတစ်လျှောက်လုံးကို မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ပေးဆပ်ကြိုးပမ်းရင်း ၁၉၃၉ ခု စတင်ဘာလ ၉ ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူသည့် စက်တင်ဘာလ ၉ ရက်နေ့ကို  ရခိုင်အမျိုးသားများက ဆရာတော် ဦးဥတ္တမနေ့အဖြစ်သတ်မှတ်ပြီး ပြည်တွင်းပြည်ပတွင် အခမ်းအနားများ ကျင်းပ လေ့ရှိသည်။

Most read this week