DKBA နယ်မြေအတွင်း မြေမြှုပ်မိုင်း အန္တရာယ်မရှိတော့ဟု စစ်ဗျူဟာမှူး ပြော

DKBA နယ်မြေအတွင်း မြေမြှုပ်မိုင်း အန္တရာယ်မရှိတော့ဟု စစ်ဗျူဟာမှူး ပြော
by -
မဇ္စျိမ

ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် DKBA ၏ ကရင်ပြည်နယ်အတွင်း ထိန်းချုပ်နယ်မြေများတွင် အသုံးပြုခဲ့သည့်
မြေမြှုပ်မိုင်းများ ယခုအချိန်တွင် အန္တရာယ်မရှိတော့ဟု DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းက မဇ္စျိမကို ပြောသည်။

ဗိုလ်မှူးကြီးထွန်းထွန်းက ယခင် အစိုးရတပ်များနှင့် စစ်ဖြစ်ပွားမှုအတွင်း အသုံးပြုခဲ့သည့် မြေမြှုပ်မိုင်းများကို ရည်ညွှန်းကာပြောဆိုခြင်းဖြစ်သည်။

''ကျွန်တော်တို့ဘက်က သိတဲ့နေရာတွေ မှတ်မိတဲ့ နေရာတွေကို ပြန်ရှင်းတယ်။ ကျွန်တော်တို့မြှုပ်ထားတဲ့ မိုင်းတွေက စိုးရိမ်စရာမရှိပါဘူး။ အခု အနေအထားမှာ စိုးရိမ်စရာမရှိတာက ကျွန်တော်တို့ သုံးတဲ့ မိုင်းတွေက ကန့်သတ်မိုင်းတွေ အချိန်ကာလအတိုင်းအတာ တစ်ခုအထိပဲ အကန့်အသတ်ရှိတယ်'' ဟု ဆိုသည်။

မိုင်းအမျိုးအစားတွင် ကန့်သတ်မိုင်းနှင့် စွန့်လွှတ်မိုင်းဟူ၍ နှစ်မျိုးရှိရာ ကန့်သတ်မိုင်းသည် လက်လုပ်မိုင်းတစ်မျိုး
ဖြစ်ပြီး ဓါတ်ခဲ အသုံးပြုခြင်းကြောင့် ဓာတ်ခဲပျက်စီးချိန်တွင် မိုင်းမှာ အန္တရာယ်မရှိတော့ပေ။ စွန့်လွှတ်မိုင်းမှာ စက်ရုံထုတ်မိုင်များဖြစ်ပြီး အချိန်ကာလကန့်သတ်၍မရဘဲ အတွင်းရှိ ပင်များမှာသံ၊ ကြေးတို့ဖြင့် ပြုလုပ်ထားပြီး သံနှင့် ဖြစ်လျင်ပင် သံချေးတက်ကာ ပျက်စီးနိုင်သော်လည်း ကြေးနှင့်ပြုလုပ်ထားသည့် မိုင်းသည် ကာလကြာရှည် ကာ ပျက်စီးရန်ခက်ခဲသည်။

DKBA က သုံးသည့် မိုင်းမှာ ကန့်သတ်မိုင်းဖြစ်သည်ဟုလည်း ဗိုလ်မှူးကြီး ထွန်းထွန်း က ပြောသည်။

''ကျွန်တော်တို့ တပ်ထဲမှာ သုံးခဲ့တာတွေကတော့ လက်လုပ်မိုင်းတွေ ပါပဲ။ ဖောက်ခွဲတဲ့စနစ်က တစ်နှစ်လောက် နေရင်တော့ အားကုန်သွားမှာပါ၊၊ ကျွန်တော်တို့ မိုင်းတွေက အဲ့လောက် အတိုင်းအတာပါပဲ။ ဓါတ်ခဲနဲ့ မိုင်းတွေကျတော့ ဒီအတိုင်းကိုလည်း ပျက်စီးလွယ်ပါတယ်'' ဟု ဆိုသည်။

သို့သော် ခြွင်းချက်အဖြစ် အနေအထားမျိုးလည်း ရှိနေသေးသည်ဟု DKBA ၏ ဗိုလ်ကြီး စောမိုးရှေ ကဆိုသည်။

''အဲ့ဒီမှာKNU က မြှုပ်တဲ့ မိုင်းလည်းရှိမယ်။ DKBA မြှုပ်တဲ့ မိုင်းလည်းရှိမယ်။ ထို့အတူ အခြားအဖွဲ့တွေက မြှုပ်တာတွေလည်း ရှိမယ်'' ဟုဆိုသည်။

မြေမြှုပ်မိုင်း အသုံးပြုသည့် ကမ္ဘာ့နိုင်ငံပေါင်း ၅၉ နိုင်ငံအတွင်း မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်ဟု ကုလသမဂ္ဂ မိုင်းရှင်းလင်းရေးအဖွဲ့၏ ဧပြီလအတွင်းက အစီရင်ခံစာတွင် ဖေါ်ပြ ထားသည်။ အလားတူပင် နော်ဝေပြည်သူများ၏ အကူအညီ (NPA) အဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် (Country Director) Mr. Andreas Indre gard က မြန်မာနိုင်ငံ တောင်ပိုင်းဒေသနှင့် ပဲခူးတိုင်း တို့တွင် မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ယခုထိ အကောင်အထည် မဖော်ရသေးဟု မေလအတွင်း မဇ္စျိမကို ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ၂ဝ၁၁ ခုနှစ်အတွင်း လူဦးရေ ၂၇၄ ဦး သေဆုံးခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် လူဦးရေ ၁ဝဝ နှှင့်အထက် သေဆုံးသည့် နိုင်ငံများအနက် ပဥ္စမမြောက်နိုင်ငံ ဖြစ်ကြောင်း ဧပြီ ၄ ရက်က ရန်ကုန်မြို့ Myanmar Peace Center ၌ ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသိမြှင့်တင်ရေးနေ့ အခမ်းအနားတွင် မြေမြှုပ်မိုင်းနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေသူများက ပြောကြားခဲ့သည်။

Most read this week