ပိုက်လိုင်းကြောင့် ပျက်စီးမြေအတွက် ကျောက်ဖြူ လယ်သမားများလျော်ကြေးတောင်း

ပိုက်လိုင်းကြောင့် ပျက်စီးမြေအတွက် ကျောက်ဖြူ လယ်သမားများလျော်ကြေးတောင်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ လယ်သမား ၁၃ ဦးသည် ဂတ်စ်နှင့် ရေနံပိုက်လိုင်း ဖေါက်လုပ်ရာတွင် ပျက်စီးသွားခဲ့သော ၄င်းတို့၏ လယ်မြေများ အတွက် လျော်ကြေး ရလိုကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံ စာရေးပြီး တောင်းဆိုလိိုက်ကြောင်း သတင်း ရရှိသည်။

တောင်းဆိုသူ လယ်သမား ၁၃ ဦးမှာ ကျောက်ဖြူမြို့နယ် ဂြင်ကြီး ကျေးရွာအုပ်စု ကျောက်ခမောက် ကျေးရွာမှ ဖြစ်ကြောင်း လူမူရေး ဆောင်ရွက်နေသူ ကျောက်ဖြူမြို့မှ ဦးသန္တာမောင်က ပြောသည်။

“ သူတိို့က မနေ့က မြို့နယ် အုပ်ချုပ်ရေးမှူးဆီမှာ စာလာတင်ပါတယ်။ ကျောက်ခမောင်းရွာက ဦးသန်းခင် ဦးစီးပြီး လာတင်တာ ဖြစ်ပါတယ်။ ဆုံးရှံုးသွားတဲ့ လယ်က တစ်ယောက်  နှစ်ဧက၊ သုံးဧက အဲသလို မျိုးရှိကြပါတယ်” ဟု ဆိုသည်။

ကျောက်ခမောက်ကျေးရွာတွင် ဂတ်စ်နှင့် ရေနံပိုက်လိုင်းကြောင့် လယ်အသိမ်းခံရသူနှင့် လယ်မြေ ပျက်စီးသွားသူ လယ်သမား ၂၆ ဦးရှိကြောင်း သိရသည်။ ထိုအထဲမှ ၁၃ ဦးကိုသာ လျော်ကြေးပေးပြီး ကျန် ၁၃ ဦးကို လျော်ကြေး မပေးကြောင်း သိရသည်။

“ သူတို့ ကျောက်ခမောက်က လယ်မြေတွေ အသိမ်းခံရတာ စုစုပေါင်း လယ်သမား ၂၆ ဦးပါ။ ဒီအထဲက ၁၃ ဦးကိုဘဲ ပေးတယ်။ ကျန် ၁၃ ဦးကျတော့ မပေးဘူး။ သူတို့မှာလည်း ပိုက်လိုင်းတွေကြောင့် လယ်မြေတွေ အသိမ်းခံရသလို တစ်ချို့မြေတွေဆိုရင် စိုက်ပျိုးလို့ မရတော့ဘူး။ ဒါကြောင့် လျော်ကြေးရဖို့ စာတင်တာပါ” ဟု သူက ဆိုသည်။

ပိုက်လိုင်း မြုပ်ရန် အတွက် လယ်မြေများကို မြေတူးစက်များဖြင့် တူးဖေါ်ပစ်ပြီး ထွက်လာသော မြေစာများကိုလည်း အနီးအနားရှိ လယ်ကွင်းများတွင် စုပုံထားသဖြင့် ပိုက်လိုင်း တလျှောက်ရှိ အနီးအနား လယ်မြေ အများအပြားမှ ထွန်ယက် စိုက်ပျိုး၍ မရဘဲ ဖြစ်နေကြောင်း သိရသည်။

လယ်သမားများအနေဖြင့် သူတို့ မြို့နယ် အုပ်ချုပ်ရေးမှူးထံကို ပေးသို့စာကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအုံးတင်၊ ကျောက်ဖြူ ခရိုင် ဥက္ကဌ နဲ့ တစ်ခြား အဖွဲ့အစည်းများသို့လည်း  မိတ္တူပေးကြောင်း  သူက ပြောသည်။

လယ်သမားများတင်သော စာကို မြို့နယ် ဒု ဦးစီးမှူးက လက်ခံယူထားလိုက်ပြီး စစ်ဆေးမူများ ပြုလုပ်သွားမည်ဟု အဆိုပါ အရာရှိက ပြောကြောင်း သိရသည်။

Most read this week