ထားဝယ်ဒေသခံ လယ်ပိုင်ရှင် ၆၀ ကျော်သည် တနင်္သာရီတိုင်း အစိုးရအဖွဲ့ တံခါးပိတ် စည်းဝေးနေသော မြို့တော် ခန်းမသို့ ချီတက် ဆန္ဒပြရန် ကြိုးစားစဉ် တားမြစ် ခံရသည်ဟု လယ်သမားအရေး ဆောင်ရွက်နေသူ တစ်ဦးက ဆိုပါသည်။
“ အစိုးရ အဖွဲ့က မြို့တော် ခန်းမမှာ စည်းဝေးနေတယ်။ ဆန္ဒပြ လယ်သမားတွေကတော့ ဆန်းချီလမ်းဆုံမှာ လူစုပြီး မြို့တော် ခန်းမကို ချီတက်တော့ မဏ္ဍပ်မော်ကွင်းမှာ အတားခံရပါတယ်။ ဒါပေမဲ့ လယ်ရှင် ၆၀ ကျော်ထဲက ၄၆ ဦးကိုတော့ ၀င်ခွင့်ပေးပါတယ်” ဟု ဆိုပါသည်။
တိုင်းအစိုးရသည် တိုင်းဝန်ကြီး အိမ်ယာနှင့် မြို့သစ် စီမံကိန်း တည်ဆောက်ရန် ထားဝယ်မြို့ ကမြောကင်းလမ်း မြောက်ဖက်ခြမ်း၌ လယ်ဧက ရဝဝ ကျော်နှင့် တောင်ဖက်ခြမ်း ဧက ၃ဝဝ ကျော်ကိုသိမ်းဆည်း ခဲ့ပါသည်။ ဤအထဲမှ ကမြောကင်းလမ်း မြောက်ဖက်ခြမ်းမှ လယ်သမား အများစုကို တဧက (၇၀၀၀) ကျပ်နှုန်းနှင့် ပေ ၄၀ x ၆၀ မြေကွက်များဖြင့် လျော်ကြေး ပေးခဲ့ပါသည်။ သို့သော် ကျန်သည့် တောင်ဖက်ခြမ်း လယ်ရှင်များ မရသေးသဖြင့် ဆန္ဒပြကြခြင်း ဖြစ်ပါသည်။
ဤသို့ကြေင့် ကျန်ရှိနေသည့် လယ်ရှင်များအတွက် လျော်ကြေး အဖြစ် အနောက် ရွှေဘုံသာ(မောလဲ)ဘုရားအနောက် ဖက်တွင် ရှိသောအိမ်ယာမြေကွက်များ ပေးမည် ဖြစ်ပါသည်။ ၀.၀၁ ဧကမှ ၃ ဧက အထိ အသိမ်း ခံထားရသူသည် အိမ်ယာမြေပေ ၄၀×၆၀ တကွက်ရရှိမည်ဖြစ်ပြီး ၃ ဧကမှ ၆ ဧက အထိအသိမ်း ခံရသူများအား၂ ကွက်စာ အစားပေး မည်ဖြစ်ပါသည်။ ဤဆုံးဖြတ်ချက်ကို လယ်သမားများက လက်မခံခဲ့ကြပေ။
တိုင်းအစိုးရသည် သိမ်းဆည်းထားသော လယ်ယာမြေများကို ဝန်ထမ်း အိမ်ရာဆောက်ရန် တင်ဒါခေါ်ယူခဲ့ သဖြင့် ပြီးခဲ့ သည့် ဇွန်လ ၁၄ ရက်နေ့တွင် ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။လယ်သမားများသည် (၁၉၉၀) ခုနှစ် မြေသိမ်း စဉ်တုန်းက မြေယာစျေးသည် မြေတဧက (၆၀၀၀) ကျပ်သာ ရှိသော်လည်း ယနေ့ အချိန်၌ ၄င်းစျေးနှုန်း အတိုင်း သတ်မှတ်ခြင်းကို လက်မခံနိုင်သည့် အပြင် လျှော်ကြေးပေးရာတွင်လည်း မြေကွက်ပေးမည့်အစား ပေါက်စျေးအတိုင်း ငွေဖြင့် ပေးစေလို ကြပါသည်။
ဤသို့ကြောင့် မပြေမလည် ဖြစ်နေသည့် အခြေအနေတွင် အစိုးရ အဖွဲ့ ဝန်ထမ်း အိမ်ယာဆောက်လုပ်ရန် တင်ဒါခေါ်ယူ ပြန်သောကြောင့်ဆန္ဒပြမှု အဆင့်ကို ရောက်ရှိ သွားခဲ့ခြင်း ဖြစ်ပါသည်။