KNPP နှင့် အစိုးရတို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေး

KNPP နှင့် အစိုးရတို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေး
by -
ရွှေဟင်္သာ

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် အစိုးရပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့၏ ဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ တပ်နယ် ခန်းမ၌ ကျင်းပခဲ့သည်ဟု ပြောခွင့် ရသူ အတွင်းရေးမှူး (၁) ဖြစ်သူ ဦးအောင်ဆန်းမြင့်က ဆိုပါသည်။

ပထမနေ့ဆွေးနွေးပွဲတွင် ခူဦးရယ် တင်ပြနေပုံ (ဓါတ်ပုံ - KNPP)

“ အစည်းအဝေး ကိုတော့ (၁၉-၂၀) နှစ်ရက်ဆွေးနွေးမှာ ဖြစ်တယ်။ ကျနော်တို့က စစ်ရေးကိစ္စတွေရော၊ အရင်ကသ ဘောတူထားပြီး ကျန်နေတဲ့ ကိစ္စတွေကိုရော ပြန်လည် တင်ပြပါတယ်။ အဲဒီထဲက ဒီကနေ့မှာတော့ အချက် (၃) ချက် လောက် သဘော တူခဲ့ပြီးပါပြီး၊ စစ်ရေး ကိစ္စကိုတော့ ခေတ္တခဏ တံခါးပိတ်ပြီး ညှိနှိုင်းခဲ့ပါတယ်” ဟု ဆိုပါသည်။

ပထမနေ့ သဘော တူညီထားမှုများမှာ (က) ပူးပေါင်း ဆောင်ရွက်ရေး ကော်မီတီ (Joined Committee) ဖွဲ့စည်းရန် မူအရ သဘောတူခဲ့ပါသည်။  (ခ) ကယားပြည်နယ်တွင်း ဒေသ ဖွ့ံဖြိုးရေး ကိစ္စများကို ပူးပေါင်း ဆောင်ရွက်ရန်။ (ဂ) စစ်ဘေးရှောင် (IDP) ဒုက္ခသည်များကို ပြန်လည်နေရာ ချထားရေးကို အတူ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ကြိုတင်ပြင်ရန် သဘော တူခဲ့ပါသည်။

ပူးပေါင်း ဆောင်ရွက်ရေး ကော်မီတီသည် နှစ်ဖက်ကြား ဖြစ်ပေါ်လာသည့် ကိစ္စပြသနာများကို ဖြေရှင်းရန် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ဒေသဖွ့ံဖြိုးရေး ကိစ္စနှင့် IDP ကိစ္စများကိုမူ အစိုးရ၊ NGO အဖွဲ့များနှင့် KNPP တို့ ပူးပေါင်း ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။

ထို့အပြင် ကယားပြည်နယ်ထဲက သံလွင်မြစ် ရေကာတာ စီမံကိန်း ကိစ္စကိုလည်း ဆွေးနွေးဖြစ်ပါသည်။ သို့သော် လောလောဆယ်တွင် အစိုးရဖက်မှ အကောင်အထည်ဖေါ်ခြင်း မရှိသေးကြောင်း ဆိုပါသည်။ အကယ်၍ အကောင်အထည် ဖေါ်ဖြစ်ပါက ပွင့်လင်းမြင်သာရန် ဆောင်ရွက်ပေးမည်ဟု ဆိုပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက်သော KNPP ကိုယ်စားလှယ်များမှာ ဒုတိယ ဥက္ကဌ ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ် (၁၄) ဦးနှင့် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် (၁၈) ဦးတို့ တက်ရောက်ကြပါသည်။

စစ်ဖက် ဆိုင်ရာ ဆွေးနွေးမှုကို KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ဦးဆောင်ပြီး၊ အစိုးရ စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်များမှာ အမှတ် (၄) ကစထမှုး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွန်းတို့ ဖြစ်ပါသည်။

အစိုးရသည် တပ်နေရာချ ထားရေး ကိစ္စကို ဆွေးနွေးရာ၌ လူသိရှင်ကြား ဆွေးနွေးခဲ့ကြရာမှ ယခုခရီးစဉ်တွင် တံခါးပိတ် ဆွေးနွေးပွဲမျိုုး ဖြစ်လာခဲ့ပါသည်။

KNPP သည် ပြီးခဲ့သည့် မတ်လ (၇) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ သဘော တူညီချက်ပေါင်း နှစ်ဆယ်ကျော် သဘော တူထားသော်လည်း တပ်နေရာ ချထားရေးကိုမူ ယနေ့အထိ နေရာချထားခြင်း မရှိသေးကြောင်း ဆိုပါသည်။