RCSS အဖွဲ့ မန္တလေးမြို့ သာရေးနာရေး သျှမ်းအသင်း နှင့် တွေ့ဆုံ

RCSS အဖွဲ့ မန္တလေးမြို့ သာရေးနာရေး သျှမ်းအသင်း နှင့် တွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ သျှမ်းပြည်မြောက်ပိုင်းခရီးစဉ်အပြီး ယနေ့မနက်ပိုင်း ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် မန္တလေးရှိ သျှမ်းလူမှုအသင်းအဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

SYS at MDYဒု-ဗိုလ်ချုပ်ကြီးယွက်စစ် မန္တလေးရှိ သျှမ်းလူမှုအသင်းအဖွဲ့နှင့်တွေ့ဆုံစဉ် (ဓါတ်ပုံ- Harkkhurharn Khur Seng)

“ ကျနော်တို့ ဒီနေ့ မန္တလေးမှာရှိတဲ့ သျှမ်းသာရေးနာရေးအသင်းနဲ့တွေ့တယ်။  ကျနော်တို့ကို လာ ရောက်ကြိုဆိုတဲ့ သျှမ်းလူထု ၃၀၀ ကျော်နဲ့တွေ့တယ်။ ကျနော်တို့ အရမ်းဝမ်းသာပါတယ်။ ကျနော်တို့ရဲ့ ခရီးစဉ်အကြောင်း၊  ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေ၊ အစိုးရနဲ့ ဆွေးနွေးထားဆဲ မဖြေရှင်း နိုင်သေးတဲ့အချက်အလက်တွေ၊ သျှမ်းပြည်လူထုအားလုံးနဲ့လက်တွဲပြီး ငြိမ်းချမ်းရေးလုပ်ငန်း အကောင် အထည်ဖော်ဖို့ စတာတွေကို ကျနော်တို့ ဥက္ကဌကြီးက ရှင်းလင်းပြခဲ့တယ်” ဟု ပြောခွင့်ရ ဗိုလ်မှူး လောင်ဝ်ဆိုင် က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယနေ့မနက်ပိုင်း မန္တလေးမြို့ သျှမ်းသာရေးနာရေးအသင်းတွင် လူထုနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မိမိတို့၏  ရည်မှန်းချက် ဖြစ်သော ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအစရှိသည်တို့ ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်မှူးလောင်ဝ် ဆိုင် ကပြောသည်။

ယမန်နေ့ ကျောက်မဲမြို့၌လည်း လူထုနှင့်တွေ့ဆုံပြီးနောက် မန္တလေးသို့ပြန်ဆင်းကာ ညအိပ်ခဲ့ခြင်းဖြစ် ကြောင်း၊ ကျောက်မဲမြို့၌ သျှမ်းပြည်မြောက်ပိုင်းမှ လူထု တော်တော်ပြည့်ပြည့်စုံစုံ (အင်အား ၁၀၀၀ ကျော်)နှင့်တွေ့ဆုံခဲ့ပြီးဖြစ်သဖြင့် လားရှိုး၊ သိန္နီဘက်ဆက်မသွားတော့ဘဲ တောင်ကြီးမြို့သို့ သာခရီးဆက်မည်ဖြစ် ကြောင်း ဆိုပါသည်။

“တောင်ကြီးမှာ ပြည်နယ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးမယ်။ သျှမ်းပြည်အတွင်း ရပခ၊ ရမခ၊ ရလခ  စစ် တိုင်းက တိုင်းမှူးတွေနဲ့တွေ့မယ်။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေ၊ သံဃာတော်တွေနဲ့ လူထုကို လည်း တွေ့ဖို့ စီစဉ်ထားပါတယ်ခင်ဗျ” ဟု ဆိုပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ ယခုတခေါက် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ရေးခရီးစဉ်မှာ လာမည့် ၂၅ ရက်နေ့တွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ် ကြောင်း ကြားသိရပါသည်။

Most read this week