ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးဒေသတွင် ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် အစိုးရ တပ်ဖွဲ့များနှင့် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် KIA က ပြောသည်။
ယနေ့ မွန်းလွဲ ၁ နာရီကျော် အချိန်တွင် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆၊ ၃၈ တပ်ဖွဲ့များနှင့် အစိုးရ၏ လောက်ကိုင် လက်အောက်ခံ တပ်ရင်း ၁၂၈ တပ်ဖွဲ့များ မုန်းကိုးဒေသရှိ မုန်ဘော် ဝင်းဆိုင် ကျေးရွာအနား တိုက်ပွဲ ဖြစ်ပွားနေသည်ဟု KIA ပြည်သူ့စစ် တပ်ဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။
“ဒီနေ့နေ့လည်း ၁ နာရီကျော်ကနေ တိုက်ပွဲ ဖြစ်နေတယ်။ အစိုးရဘက်က ပစ်လိုက်တာ လက်နက်ကြီးက ရှမ်းရွာ နှစ်ရွာဘက် ကျသွားတယ်။ အိမ် နှစ်လုံး သုံးလုံး မီးလောင်သွားတယ်။ ကျနော်တို့ဘက်က တပ်ရင်း ၃၆ တပ်ဖွဲ့နဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေ ပါတယ်။ လက်နက်ကြီး ပါတော့ တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်” ဟု သူက ပြောသည်။
ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ အစိုးရတပ်များ လှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားမှု ၁၀ ရက်ကျော်ရှိနေပြီ ဖြစ်ကြောင်း သူက ဆက်ပြောသည်။ မုန်းကိုးဒေသ အနီးတဝိုက်တွင် အစိုးရ၏ စစ်အင်အား အနည်းဆုံး ၆၀၀မှ ၈၀၀ အထိ လှုပ်ရှားနေသည်ဟု ဆိုသည်။
ထို့ပြင် ယခုလ ၁၅ ရက်နေ့က နောင်ဟန်းကျေးရွာမှ လမ်းပြအဖြစ် ခေါ်ဆောင်သွားသော အသက် ၄၅ နှစ်အရွယ် ဇိန်ခန်လွမ်အောင် အား ခလရ ၁၂၈ တပ်ဖွဲ့က ပစ်သတ်ခဲ့သည်ဟု KIA ပြည်သူ့စစ် အဖွဲ့ဝင်တဦး က ပြောဆိုသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က အစိုးရနှင့် KIO တို့ ငြိမ်းချမ်းရေး သဘောတူညီမှု ရ ချက်ထဲတွင် နှစ်ဖက် တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများ လျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူခဲ့ပြီး ဖြစ်သည်။
သို့သော် နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးမှုပြီးနောက်ပိုင်း အစိုးရ၏ စစ်အင်အား တိုးချဲ့လာမှုများ ရှိကြောင်း တာမိုးညဲမြို့နယ်ခွဲ မုန်ဂျီ(မုန်းစီး) ရွာသားတဦးက ပြောသည်။
“၁၆ ရက်နေ့က ကျနော်တို့ ဖြတ်သွားတော့ အစိုးရ စစ်တပ်တွေ တိုးလာတာ တွေ့တယ်။ ဘယ်တပ်ရင်းဆိုတာ တံဆိပ်မှာ မကပ်ထားဘူး။ မကြာခင်ကပဲ တပ်မ ၁၁ တွေ ပြောင်းသွားပြီးတော့ ချောက်ဟောဘက်ကရော၊ မုန်ဂျီ တာမိုးညဲလမ်းဘက်ကရော ထပ်တက်လာတာ တွေ့ရတယ်” ဟု မဇ္စျိမကို ပြောသည်။
အလားတူ ကွတ်ခိုင်မြို့နယ် အခြေစိုက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)မှ တပ်ရင်းမှူး တာဝိုန်းမာန် ဦးဆောင်သော တပ်ရင်း ၁၁၂ နှင့် ကွန်းလုံမြို့ အခြေစိုက် ဗိုလ်မှူး စောယုနိုင် ဦးဆောင်သော အစိုးရ တပ်ရင်း ၁၄၅ တို့လည်း ယနေ့ ၁၁ နာရီခွဲချိန်တွင် ကွန်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာ အထက်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေသည်ဟု တအာင်း အဖွဲ့က မီဒီယာများသို့ သတင်းပေးပို့ခဲ့သည်။
“ဗိုလ်မှူးစောယူနိုင် ဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ ကျနော်တို့ တိုက်ပွဲ ဖြစ်တာ သူတို့ လက်နက်ကြီးနဲ့ လေးငါးချက်လောက် ပစ်တယ်။ ကျနော်တို့လည်း ပြန်လည် ခုခံတိုက်နေတာ” ဟု တအာင်းအဖွဲ့မှ ထုတ်ပြန်သော သတင်းတွင်ဖော်ပြထားသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့်ပတ်သက်၍ မဇ္စျိမမှ သီးခြား အတည်ပြုချက် မရယူနိုင်သေးပေ။