RNDP နှင့် ALD တို့ “ရခိုင်အမျိုးသားပါတီ” အမည်ဖြင့် သမိုင်းစာမျက်နာသစ် ဖွင့်လှစ်

RNDP နှင့် ALD တို့ “ရခိုင်အမျိုးသားပါတီ” အမည်ဖြင့် သမိုင်းစာမျက်နာသစ် ဖွင့်လှစ်
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့သည် လက်ရှိ ရှိနေသော မိမိတို့ ပါတီများအား ဖျက်သိမ်းပြီး ရခိုင်အမျိုးသား ပါတီ ( Arakan National Party) အဖြစ် ပူးပေါင်း လိုက်ကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

RNDP နှင့် ALD ခေါင်းဆောင်များ ယနေ့ (ဇွန် ၁၇) ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးနေကြစဉ်။

ထိုသို့ ပေါင်းစည်းလိုက်ကြောင်းကို ပေါင်းစည်းရေး အစည်းအဝေးမှ ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။

ရန်ကုန်မြို့ ရခိုင်သဟာယ အသင်းရုံး၌ ၂၀၁၃ ခု ဇွန်လ ၁၅ ရက်မှ ၁၆ ရက်နေ့ထိ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲမှ အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

နှစ်ပါတီသဘောတူ ကြေငြာချက်တွင် ပါ၀င်သော အချက်များနှင့် ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်က နိရဥ္စရာသို့ ပြောသည်။

“ အဓိက ကတော့ နှစ်ပါတီကို တစ်ပါတီတည်း ပေါင်းစည်းဖို့ သဘောတူတယ်။ ပါတီသစ်မှာ ပါ၀င်ဖို့အတွက် လျှောက်ထားရဖို့ အချက်ပါတယ်။ နှစ်ပါတီက ပါ၀င်တဲ့ ပုဂ္ဂိုလ်တွေဟာ ပါတီက နှုတ်ထွက်ပြီးတော့ နောက် တပါတီ မထူထောင်ရဆိုတဲ့ အချက်တွေပါတယ်။ ပါတီရဲ့ မူဝါဒအနေနဲ့ လူမျိုးကို အခြေခံပြီးတော့ ကိုယ်ပိုင်ပြ ဌာန်းခွင့်၊ တန်းတူအခွင့်အရေးရှိတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်သွားဖို့အတွက် သဘောတူတဲ့ အချက်တွေ ပါတယ်။ နောက်ပြီး ပါတီသစ်ကို မြန်မာနိုင်ငံ တပြည်လုံးမှာ စည်းရုံးဖွဲ့စည်းသွားဖို့ ဆိုတာ ပါတယ်။ ပါတီကို ဖွဲ့စည်းတဲ့အခါမှာ တဖက်က ၁၅ ယောက်စီနဲ့  ဖွဲ့စည်းသွားဖို့ ပါတယ်။ ပါတီကိုတော့ (Arakan National Party) ရခိုင် အမျိုးသားပါတီ အနေနဲ့ထားဖို့၊ ပါတီရဲ့ အလံ တံဆိပ်တွေကိုလည်း ကြေငြာချက်မှာ ဖေါ်ပြပြီးတော့ နှစ်ဖက် လက်မှတ်ထိုးပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။”

နှစ်ပါတီ သဘောတူ ကြေငြာချက် ၁၁ ချက်ကို နှစ်လအတွင်း အကောင်အထည်ဖေါ် လုပ်ဆောင်သွားမည်ဟု လည်း ဦးအေးသာအောင်က ပြောသည်။

အမျိုးသားရေး လိုအပ်ချက်အရ နိုင်ငံရေး ပါတီ (၂) ခုကို တစ်ပါတီအဖြစ် ပေါင်းစည်းနိုင်ခဲ့သဖြင့် နှစ်ပါတီ ခေါင်းဆောင်များ၏ ဆောင်ရွက်ချက် အပေါ် အားရကျေနပ်မှု ရှိကြောင်း ALD ဥက္ကဌ ဦးအေးသာအောင်က ဆက်ပြောသည်။

“ အခုလို နှစ်ပါတီပေါင်းစည်းဖို့ မူအရပါ၊ ဖွဲ့စည်းပုံအရပါ သဘောတူလိုက်ပြီးတော့ နှစ်ပါတီက လက်မှတ်ထိုးတဲ့ အတွက်ကြောင့် ပါတီတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေလဲ ၀မ်းသာတယ်။ တမျိုးသားလုံး အတိုင်းအတာနဲ့လဲဘဲ အခုလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တစ်ပါတီတည်း ပေါင်းစည်း တည်ထောင်နိုင်တဲ့အတွက် အားရ ကျေနပ်ကြပါတယ်” သူက ဆက်ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ် နေရာ ၃၅ နေရာ အနိုင်ရရှိခဲ့သော နိုင်ငံရေးပါတီဖြစ်သကဲ့သို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မှာလည်း ၁၉၉၀ ရွေး ကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၁၁ ဖြင့် အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

Most read this week