အသက် ရ၀ ကျော်အရွယ်ရှိတဲ့ ကယန်း(ပဒေါင်) တိုင်းရင်းသူတဦးဖြစ်တဲ့ အဖွားက သူ့ရဲ့ ပျဉ်ထောင်အိမ်အောက်က ဒူးနှစ်စလုံးဆန့်တန့်ထားပြီး မြေပေါ်မှာ ထိုင်လျက်သား တယောက်တည်း အလုပ်များနေပါတယ်။
အဖွားရဲ့ ဆန့်တန့်ထားတဲ့ ဒူးနှစ်ဖက်ပေါ်မှာတော့ ပျဉ်တချပ်ကို တင်ထားလျက် ပျဉ်ပေါ်မှာ ရွှံ့နွံတွေကို စနစ်တကျ ပုံစံတခုအဖြစ် ပေါ်လွင်လာအောင် သည်းကြီးမဲကြီး အာရုံစိုက်ပြုလုပ်နေတာကို တွေ့ရပါတယ်။
အဖွား သည်းကြီးမဲကြီး အာရုံစိုက်ပုံဖေါ်နေတာကတော့ ကျနော်တို့ ထမင်း၊ ဟင်းတွေ ချက်ပြုတ်ဖို့အတွက် ဒန်အိုးဒန်ခွက်၊ လျှပ်စစ်အိုးတွေ မပေါ်ခင်က ကျနော်တို့ ဖိုးဖွားစဉ်လာ ခေတ်အဆက်ဆက်က အသုံးပြုလာခဲ့တဲ့ ထမင်းဟင်းတွေချက်ဖို့ မြေအိုး ပြု လုပ်နေခြင်းပဲ ဖြစ်ပါတယ်။
ဖွံ့ ဖြိုးတိုးတက်လာတဲ့ အခုခေတ်အခြေအနေမှာ စက်မှှုလက်မှုလုပ်ငန်းတွေ အသုံးပြုနေကြပြီဖြစ်ပေမဲ့လည်း လက်မှုပညာဆိုတာ တည်ရှိနေအုံးမည်မှာ အမှန်ပင်ဖြစ်ပါလိမ့်မည်။ လက်မှုဖြစ် ပြုလုပ်နေတဲ့ မြေအိုးဟာလည်း ကျနော်တို့ ကရင်နီလူမျိုးတွေရဲ့ ခေတ် အဆက်ဆက်မှာ ယခုအချိန်အထိ အသုံးပြုလျှက် ရှိနေပါသေးတယ်။
အဖွားကသူ့ရဲ့ အသက် ၄၀ လောက်မှာ သည်မြေအိုးကိုပြုလုပ်တဲ့ အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အဖွားရဲ့ နာမည်က ဒေါ်မူကြွယ်လို့ခေါ် ကြပါတယ်။
အဘွား ဒေါ်မူကြွယ်က မြေအိုးတွေကိုပြုလုပ်ပြီး ဝမ်းရေးအတွက် တစ်ဖက်တစ်လှမ်းမှာ ငွေကို ရှာဖွေနေခဲ့ရပါတယ်။ အသက်ကြီးပြီး သွားလာလှုပ်ရှားနိုင်သေးတဲ့ အဖွားကို မြေးအိုးပြုလုပ်ပြီး ဝမ်းရေးအတွက် ရှာဖွေနေခဲ့တာ ဘယ်လိုအခက်အခဲ ရှိလဲလို့ မေးကြည့်တဲ့အခါမှာတော့…
“ခါးလည်းနာတယ်၊ လုပ်လည်းမလုပ်နိုင်တော့ဘူး၊ ပင်ပန်းတယ်၊ အိုးလုပ်နေလည်း ပင်ပန်းတယ်၊ လက်လည်းညောင်းတယ်၊ အိုးလုပ်နေပြီး စျေးထဲမှာ သွားရောင်းတယ်" လို့ ပြောသွားပါတယ်။
အဖွားပြုလုပ်ထားတဲ့ မြေအိုးတွေကို ဒီးမော့ဆိုစျေး (မြို့မစျေး) နေ့တိုင်းဆိုရင်တော့ စျေးထဲမှာ အဖွားက မြေပေါ်မှာ တန်းစီ ချရောင်းနေတာကို တွေ့ရပါတယ်။ မြေအိုး အလယ်အလတ်တလုံးဆိုရင် ကျပ် တထောင်နဲ့ ရောင်းပါတယ်။ အများအားဖြင့်တော့ မြေအိုးကို တခြားသူတွေဆီက ဆန်၊ ဆီ၊ ဆား ဟင်းသီးဟင်းရွက်တွေနဲ့ လဲစားတယ်လို့ ပြောပါတယ်။
အရင်က ကျန်းမာသန်စွမ်းချိန်မှာတော့ တောင်ယာ၊ လယ်ယာ လုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လာခဲ့ပေမဲ့ ယခုလို အသက်ကြီးပြင်းလာသည်နှင့် အမျှ အလုပ်တွေ မလုပ်ကိုင်နိုင်တော့ဘဲ မြေအိုး လုပ်ငန်းကို တစ်ဖက်တစ်လမ်းအဖြင့် ဝင်ငွေတွေရအောင် ရှာဖွေနေခဲ့ရတာ ဖြစ်ပါတယ်။
မြေးအိုးကို စတင်ပြုလုပ်တဲ့အခါမှာ အဓိက အရေးကြီးဆုံးက မြေသားပဲ ဖြစ်ပါ တယ်။ မြေသားကို ရယူရာမှာ မြေရဲ့ သုံးထပ်အလွှာကို ယူရတယ်လို့ ပြောပါတယ်။ မြေသားကို ရှာဖွေတဲ့အချိန်နဲ့ သယ်ဆောင်လာရတာက အခက်အခဲ ရှိနေပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ မြေကိုတူးရမယ်၊ အဝေး မှာသွားသယ်ရလို့ ဖြစ်ပါတယ်။ မြေနှင့် အတူရောပြီး အသုံးပြုရမည့် သဲမုန့်ကလည်း သဲတောင်ပေါ် သွားရောက်သယ်ဆောင်လာရမှာ ဖြစ်ပါတယ်။
မြေအိုးတစ်လုံးကို ရရှိဖို့အတွက် လွယ်ကူသည်ဟု ထင်ရသော်လည်း လက်တွေ့မှာတော့ ခက်ခဲလှပါတယ်။
ပထမဦးဆုံးရလာတဲ့ မြေတွေကို အမှုန့်ဖြစ်အောင်ဆုံနဲ့ ထောင်းယူရပါတယ်။ တစ်ခါပြန်ပြီး မြေမှှုန့်တွေကို တစ်ခါ ပြာယူရပါတယ်။ အဲဒီမြေမှုုန့်နှင့် သဲမှုုန့်ကို ပေါင်းစပ်ပြီးရေနှင့် စီးနေအောင် ရောသမမွှေပေးရမှာ ဖြစ်ပါတယ်။ ရောစပ်ထားတဲ့ မြေမှုုန့်များနှင့် သဲမှုုန့်တွေ အဆင်သင့်ရှိနေပြီဆိုရင် မြေအိုးရဲ့ ပုံစံခွက်ကို ရအောင်စတင် ပြုလုပ်ရပါတော့တယ်။
မြေအိုးရဲ့ပုံစံခွက် အကြမ်းရပြီဆိုရင် တစ်ခါပြန်ပြီး မြေအိုးရဲ့ အပြင်ဘက်ပိုင်းကို အချောကိုင်ရပါတယ်။ အဲဒါကို အချိန်အနည်းငယ်ယူပြီးနေပူ လှန်းရပါတယ်။ နေပူလှန်းရခြင်းမှာ အတွင်းဘက်အပိုင်းကို အချော ထပ်ကိုင်ဖို့ရာအတွက်ပဲ ဖြစ်ပါတယ်။ အတွင်းအပြင်အားလုံး အချောကိုင်ပြီးပြီ ဆိုရင်နောက်ထပ် နေပူထဲ ထပ်လှန်းရပါတယ်။
နေပူရှိန်နဲ့ အခြောက်ခံထားရတဲ့ မြေအိုးတွေက ဒီအတိုင်းမပြီးသေးပါဘူး ခိုင်ခန့်မှုရရှိအောင် တခါမီးအပူနဲ့ ပြန်ဖုတ်ရပါသေးတယ်။
ခိုင်ခန့်အောင်မီးဖုတ်ပြီးရင်တော့ သစ်စေးနဲ့ မြေအိုးရဲ့ အပြင်ဘက်အရောင်တင်ဖို့ သုတ်ပေးရပါတယ်။ ဒီအဆင့်ထိရောက်ပြီးဆိုရင်တော့ နောက်ဆုံးအနေနဲ့ အခြောက်ပြန်ခံပြီးရင်တော့ ထမင်းဖြစ်စေ၊ ဟင်းရည်ချက်ပြုတ်ရာဖြစ်စေ၊ စွပ်ပြုတ်အနေနဲ့ဖြစ်စေ ရိုးရာဟင်းတွေ ချက်ပြုတ်ဖို့ရာမှာဖြစ်စေ အသုံးပြုဖို့ရန်အတွက် အဆင်သင့်ဖြစ်နေပါပြီ။
မြေအိုးပြုလုပ်ဖို့ အဖွားအသုံးပြုနေတဲ့ အသုံးအဆောင်တွေ ပြောပြရရင်တော့ မြေကိုထောင်းဖို့ ဆုံတလုံး၊ မြေအိုးလုပ် တဲ့အချိန် အောက်ခြေကို ထိန်းထားနိုင်ဖို့အတွက် မျက်နှာပြင်ညီတဲ့ သစ်သားပြားတပြား၊ မြေမှှုန့်နှင့်သဲမှှုန့် တွေရရှိဖို့ ဆန်ခါတခြပ် အသုံးပြုရပါတယ်။
အိုးကို ခိုင်မှာစေရန်နှင့် မျက်နှာပြင်ညီစေရန်အတွက် ယောက်မပုံစံသစ်သားပြားတခု၊ အတွင်းဘက်အိုးကို ညီစေဖို့က စက်ဝိုင်းနှင့်တူတဲ့ ဝါခြမ်းပြားတခု အိုးတစ်လုံးကို အချောကိုင်ဖို့ က တုတ်ချောင်းတစ်ချောင်း၊ အဝတ်စတခု၊ ဝါးခြမ်းပြားတစ်ခုလည်း လိုအပ်ပါတယ်။
မြေအိုးပြုလုပ်ခြင်း နည်းပညာဟာ ကျနော်တို့ ကရင်နီတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ လက်မှှုပညာ တစ်ခုဖြစ်လည်းဖြစ်သလို ကျနော်တို့တိုင်းရင်းသားတွေအတွက် ရိုးရာဟင်းတွေ ချက်ပြုတ်တဲ့နေရာမှာ အရသာပိုမို ကောင်းမွန်စေပြီး တဖက်တလမ်းကနေလည်း ဝမ်းစာရေးအတွက် ရှာဖွေနိုင်တဲ့ ပညာရပ်တခုပဲ ဖြစ်ပါတယ်။