မလေးရှားရောက် မြန်မာများ နိုင်ငံကူးလက်မှတ်မရှိလျှင်ပင် သံရုံးထောက်ခံပါက ပြည်ဝင်ခွင့်ရမည်

မလေးရှားရောက် မြန်မာများ နိုင်ငံကူးလက်မှတ်မရှိလျှင်ပင် သံရုံးထောက်ခံပါက ပြည်ဝင်ခွင့်ရမည်
by -
မဇ္စျိမ

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံကူးလက်မှတ်မရှိသည့် မလေးရှားနိုင်ငံရောက် မြန်မာများအနေဖြင့် မြန်မာ သံရုံးက နိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက် (Certificate of Identity) ပေးလျှင် အရေးမယူဘဲ ပြည်ဝင်ခွင့်ပေးသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးဌာန ဒုညွှန်မှူး ဦးကျော်မြင့်က ဇွန် ၁၆ ရက်က ပြောသည်။

''သံရုံးရဲ့ထောက်ခံချက်ကိုယူပြီး ပြန်လာပါ၊ ဒါဆိုရင်တော့ ကျွန်တော်တို့ အရေးမယူဘူး ဒါပေမယ့် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပတ်စပို့အတု လုပ်ထားတာဆိုရင်တော့ ဥပဒေအရ အရေးယူရပါမယ်'' ဟု သူက ဆိုသည်။

မလေးရှားသို့သွားရောက်သော မြန်မာအချို့သည် ပွဲစားများ၏ မသမာမှုများနှင့် ငွေကြေးမတတ်နိုင်မှုများ ကြောင့်နိုင်ငံကူး လက်မှတ်က အစစ်ဖြစ်သော်လည်း သံရုံးတံဆိပ်တုံးမှာ အတုဖြစ်နေမှုများလည်းရှိကြောင်း ဦးကျော်မြင့် က ပြောသေးသည်။

ထိုကိစ္စများအတွက်မူ ''နိုင်ငံကူးလက်မှတ်ကအစစ် သံရုံးတံဆိပ်က အတုဆိုရင် နိုင်ငံကူးလက်မှတ်ကို သိမ်းပါတယ်၊ လူကို အရေးမယူပါဘူး'' ဟု လဝက လက်ထောက် ညွှန်မှူး ဦးသီဟအောင် က ဆိုသည်။

သို့သော် နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်လျှင် ထောင်ဒဏ် ခြောက်လမှ ငါးနှစ်အထိနှင့် ငွေဒဏ် ကျပ် ၁၅ဝဝ ချမှတ်ခံရနိုင်သော ပုဒ်မဖြင့်တရားစွဲသည်ဟုလည်း ဦးသီဟအောင်က ရှင်းပြသည်။မလေးရှားတွင် မြန်မာများ အကြမ်းဖက်ခံရမှုများကြောင့် ပြန်လာကြသူ ၁၆၇ ဦးသည် ဇွန် ၁၅ ရက် နေ့လည်က ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ သည်။

ပဋိပက္ခများစတင်ဖြစ်ပွားချိန် မေ ၂၉ ရက်မှ ဇွန် ၁၅ ရက်အထိ မလေးရှားမှအကြောင်း အမျိုးမျိုးဖြင့် ပြန်လာသည့် မြန်မာဦးရေမှာ ၃၄ဝဝ ခန့်ရှိသည်ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လူဝင်မှုကြီးကြပ် ရေး ဌာန၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။