မှို စားမိလို့ မောင်နှမ နှစ်ဦး သေဆုံး

မှို စားမိလို့ မောင်နှမ နှစ်ဦး သေဆုံး
by -
ခိုနူမ်းထုန်

ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်တုန်းက ချင်းပြည်နယ် မတူပီမြို့နယ်၊ ထောင်လန်ကျေးရွာတွင်  တော အလေ့ ကျပေါက်  မှိုပွင့် စားမိသည့် မောင်နှမ ကလေးငယ်နှစ်ဦးသေဆုံးသွားသည်ဟု သိရသည်။

ထောင်လန်ရွာနေ မိသားစုတစု (မိသားစုဝင် ရ ဦး) သည် တောတွင်အလေ့ကျပေါက်သည့် မှိုပွင့်စားမိရာမှ အကြီးဆုံးသားနှင့် အငယ်ဆုံးသမီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

Giant Mushrooms - Auckland

“ တမိသားစုလုံး မှိုဟင်းစားပြီး ခေါင်းမူးရာကနေ သတိလစ်သွားကြတယ်၊ ဒါနဲ့ အငယ်ဆုံး သမီးလေး ဆုံးသွား တယ်၊ သမီးလေးဆုံးပြီး နှစ်ရက်ကြာမှ မိသားစု အားလုံးကို မတူပီဆေးရုံလာတင်ကြတယ်၊ ဆေးရုံမှာပဲ ၁၃ နှစ်အရွယ် အကြီးဆုံးသားဆုံးသွားတယ်” ဟု မတူပီလူငယ် ခေါင်းဆောင်တဦးက ပြောသည်။

ကျန်တဲ့ မိသားစုများကိုမူ ဆေးရုံက အရေးပေါ် ပြုစုကြပြီး နလံထနိုင်ကြပါပြီဟု ဆက်ဆိုသည်။

အဆိုပါ မိသားစုသည် မှိုဟင်းစားအပြီး သရက်သီး နှင့် တော သဖန်းသီးကို ထပ်မံစားကြသောကြောင့် အစာမတည့်ဖြစ်ပြီး အဆိပ်သင့်ခြင်းဖြစ်မည်ဟု ဆေးရုံဝန်ထမ်းတွေက ကောက်ချက်ချပြောဆိုကြသည်။

အဆိုပါ မှိုမျိုးသည် တောင်ပို့မှိုမဟုတ်ပဲ တောထဲတွင် အလေ့ကျပေါက်သည့်  စားမှို တမျိုးဖြစ်ကြောင်း ချင်းတောင်တွင် တောင်ပို့မှို၊ သစ်ခေါင်းမှို၊ ၀ါးတောမှို မျိုးများပေါက်ရောက်ကြောင်း မိုးဦးကာလတွင် ပေါက်လေ့ရှိကြောင်း သိရသည်။