တိုင်းရင်းသားတို့ ရသင့်ရထိုက်သည့် အခွင့်အရေးများ မတောင်းဆိုဘဲ ရရှိရန်အတွက် တိုင်းရင်းသား ပါတီ ၁၅ ပါတီက မြန်မာတနိုင်ငံလုံး လွှမ်းခြုံနိုင်မည့် ဖယ်ဒရယ်ယူနီယံပါတီ FUP ကို ထူထောင်မည်ဟု ဆုံးဖြတ်လိုက် ကြသည်။
“တိုင်းရင်းသားပါတီတွေ ဘယ်လောက်ဘဲ နေရာရရ အခွင့်အရေးက မရလာဘူး။ တိုင်းရင်းသားပါတီ တွေကိုပေးဖို့ တွန့်တိုတဲ့ အနေအထားမှာ ရှိတယ်။ အချိုးကျ ကိုယ်စားပြုစနစ် PR system ကို လက်မခံပေမဲ့ အဲဒီစနစ်က မလွဲမသွေ ဖြစ်လာမဲ့ အနေအထားမှာရှိတယ်။ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ ပါတီဖြစ်လာတဲ့အခါ PR system ကို ကျင့်သုံးမယ်ဆိုရင် ညွှန့်ပေါင်းအစိုးရ ဖြစ်လာမယ်လို့ ယုံကြည် တယ်။ အဲဒီအချိန်ကျရင် ကျနော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို မတောင်းရဘဲ သူတို့ ပေးလာ မယ်လို့ ယုံကြည်တယ်” ဟု SNDP အထွေထွေ အတွင်းရေးမှူး စိုင်းလှကျော် က ပြောပါသည်။
လက်ရှိအနေအထားတွင် တိုင်းရင်းသားပါတီများ တနိုင်ငံလုံး မလွှမ်းခြုံနိုင်သည့်အပြင် ပါတီကြီးများ ကိုလည်း မယှဉ်ပြိုင်နိုင်ကြောင်း၊ ကိုယ့်ဒေသကို ကာကွယ်သည့် ပါတီလောက်သာ ဖြစ်ကြောင်း၊ FUP က တနိုင်ငံလုံး အနေအထားနှင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက တိုင်းရင်းသားများအတွက်လည်း အခွင့် အရေး ပိုမို ရရှိလာမည်ဖြစ်ကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ် PR system ကျင့်သုံးပါက ကိုယ့်ဒေသ အတွင်း တခြားပါတီများ ဝင်ရောက်လာပြီး နေရာယူသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တနိုင်ငံလုံး လွှမ်းခြုံနိုင်သည့် တိုင်းရင်းသားပါတီကို ထူထောင်ရခြင်းဖြစ်ကြောင်း ဆိုပါသည်။
“၂၀၁၀ ရွေးကောက်ပွဲတုန်းက တစ်ပါတီ ကြီးစိုးမှုအောက်မှာ လှုပ်ရှားရတော့ ကိုယ့်ကိုယ်ကို ကာကွယ် တဲ့ အဆင့်လောက်ဘဲရှိတယ်လေ။ အခု FUP က တတိုင်းပြည်လုံး ယှဉ်ပြိုင်မဲ့ အနေအထားမျိုးရှိတော့ သူတို့လည်း လျှော့မတွက်ရဲတဲ့ အနေအထားမျိုး ဖြစ်လာမယ်။ နောက်တခုက ရှေ့ဆက်ညှိနှိုင်းတဲ့အခါ သူတို့နဲ့ တန်းတူမှာနေပြီး ပြောလို့ရတယ်” ဟု စိုင်းလှကျော် က ဆက်ပြောပါသည်။
တိုင်းရင်းသားပါတီ ၁၅ ပါတီက ဂျွန်လ ၁၁ ရက်မှ ၁၂ ရက်ထိ တောင်ကြီးမြို့ SNDP ဌာနချုပ်ရုံး၌ အစည်းအဝေး ကျင်းပပြီး ဖယ်ဒရယ်ယူနီယံပါတီ FUP ကို ထူထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
တိုင်းရင်းသားပါတီမှ ပုဂ္ဂိုလ်များ FUP ပါတီသို့ ဝင်လိုပါက မိမိတို့သက်ဆိုင်ရာ မိခင်ပါတီများမှ နှုတ်ထွက်ရမည်ဖြစ် ကြောင်း ဆိုပါသည်။
အဆိုပါ အစည်းအဝေးအပြီး အချိုးကျ ကိုယ်စားပြုစနစ် PR system ကို ကန့်ကွက်ကြောင်း၊ မတရား အသင်းဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၁၇/၁ နှင့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ပုဒ်မ ၁၈/က ကို ပယ်ဖျက်ပေးရန်၊ နိုင်ငံသား မဟုတ်သူများအား နိုင်ငံရေးပါတီထူထောင်ခွင့်၊ ရွေးချယ်ခံခွင့်၊ မဲပေးပိုင်ခွင့် မပြုရန်၊ ၂၀၁၅ မတိုင်မီ ပြည်ထောင်စု ညီလာခံတစ်ရပ် ခေါ်ယူကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင် ရန်၊ တိုင်းရင်းသားဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဥပဒေနှင့်အညီ အရေးယူပေးရန် စသည့် အချက် ၆ ချက်ကို ထုတ်ပြန်ခဲ့သည်။
ထိုအစည်းအဝေးသို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNPP)၊ ဖလုံး-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၊ ချင်းအမျိုးသားပါတီ (CNP)၊ အင်းအမျိုးသား ဖွံ့ဖြိုးရေးပါတီ (INDP)၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNRDP)၊ ၀ ဒီမိုကရက်တစ်ပါတီ (WDP)၊ ပအိုဝ်း အမျိုးသားပါတီ (PNP)၊ တအာင်း အမျိုးသားပါတီ (TNP)၊ အရှိုချင်းအမျိုးသားပါတီ ၊ တိုင်းလျဲန် ခေါ် သျှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) ၊ ၀ အမျိုးသား စည်းလုံး ညီညွှတ်ရေးပါတီ (WNUP) တို့ တက်ရောက်ခဲ့ကြသည်။