ကူးစက်ရောဂါများ ပြန့်ပွားမှုမှ ကာကွယ်ရန်အတွက် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ထိုင်းနိမိတ်ဒေသအတွင်း လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံမှ စက်ရုံ အလုပ်သမားများကို ထိုင်းဆရာဝန်များက ပထမဆုံးအကြိမ်အဖြစ် ရောဂါစစ်ဆေးမှုများ ပြုလုပ်ပေးနေသည်ဟု ဘုရားသုံးဆူမြို့မှ အလုပ်သမားများက ပြောသည်။
ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကြသော မြန်မာအလုပ်သမားများသည် တစ်ယောက်နှင့်တစ်ယောက် ရောဂါကူးစက်ပြီး ပြန့်ပွားမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ စစ်ဆေးရခြင်းဖြစ်သည်ဟု အလုပ်သမားများကို ရောဂါစစ်ဆေးပေးနေသော ထိုင်းဆရာဝန်က ဆိုသည်။
“စက်ရုံမှာ အတူလုပ်နေကြတဲ့ အလုပ်သမားတွေ အများကြီးရှိတယ်၊ အဲဒါကြောင့် အဲဒီအလုပ်သမားတွေ တစ်ယောက်နဲ့ တစ်ယောက်ရောဂါမကူးရအောင် စစ််ပေးတယ်” ဟု ဆရာဝန်ပြောသည်။
စစ်ဆေးရာတွင် ၁၆ ရက်နေ့မှ ၁၉ ရက်ထိတွင်တစ်ကြိမ် ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်ကြိမ် စစ်ဆေးသွားမည်ဖြစ်ပြီး အဓိကထားစစ်ဆေးသွားမည့် ရောဂါများမှာ ဆင်ခြေထောက်ရောဂါ၊ ငှက်ဖျားရောဂါ၊ တီဗွီရောဂါနှင့် စိတ်ကြွဆေးပြားများ အသုံးပြုသောအလုပ်သမားများကိုလည်း အဓိကစစ်ဆေးသွားမည်ဟု ဆရာဝန်က ဆက်ပြောသည်။
တီဗွီရောဂါပိုးတွေ့ရှိသူများကို စက်ရုံမှ ခွင့်တစ်လ အနားယူခွင့်၊ ဆေးကုသပြီးမှသာ အလုပ်ခွင်သို့ ပြန်လည်ဆင်းခွင့်ပြုသည်ဟု ဖိနပ်စက်ရုံတွင် နှစ်နှစ်ကြာလုပ်နေသည့် အလုပ်သမတစ်ဦးက ပြောသည်။ အဆိုပါရောဂါရှိသူများကိုလည်း ထိုင်းဆရာဝန်မှ အခမဲ့ ကုသပေးသည်။
ရောဂါစစ်ဆေးသည့်အခါတွင် အစစ်ဆေးခံအလုပ်သမားများ၏ နေရပ်လိပ်စာနှင့် ဓါတ်ပုံကို စစ်ဆေးသောဆရာဝန်များက ယူထားသည်ဟု အလုပ်သမားများက ပြောသည်။ တစ်ဦး လျှင် ရောဂါစစ်ဆေးခ ဘတ် ၄၀၅ ဘတ် ပေးဆောင်ရမည်ဖြစ်ပြီး လောလောဆယ်တွင် စက်ရုံပိုင်ရှင်မှစိုက်ထုတ်ပေးထားသည်ဟု အထည်စက်ရုံ အလုပ်သမားတစ်ဦးက ပြောသည်။
ထိုင်းစက်ရုံပိုင်ရှင် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ အကယ်၍ ရောဂါစစ်ဆေးမခံလျှင် စက်ရုံတွင် အလုပ်လုပ်ခွင့်ပေးမည်မဟုတ်ဟု ဆိုသည်။
“တကယ်လို့ ရောဂါအစစ်မခံလို့ရှိရင်် စက်ရုံမှာ အလုုပ်လုပ်ဖို့ သူဌေးလက်မခံဘူးလို့ ကျမတို့ကို ပြောထားတယ်” ဟု အထည်စက်ရုံအလုပ်သမားက လွတ်လပ်သော မွန်သတင်း အေဂျင်စီကို ပြောပြခဲ့သည်။
အကယ်၍ အလုပ်သမားများမှ မည်သည့်ရောဂါမဆို စစ်ဆေးတွေ့ခဲ့သည့်ရှိသော် ထိုင်းဆရာဝန်မှ အခမဲ့ကုသပေးသည်ဟု ရောဂါစစ်ပေးနေသော ထိုင်းဆရာဝန် တစ်ဦးကပြောသည်။
ရောဂါစစ်ဆေးသည့် အလှည့်ကျရောက်သော စက်ရုံသည် အလုပ်သမားများ မပျက်မ ကွက်လာရောက်ရမည်ဟု စက်ရုံပိုင်ရှင်သူဌေးမှ ညွန်ကြားထားသည်ဟု အလုပ်သမား များမှ သိရသည်။
ရောဂါစစ်ဆေးသည့်အစီအစဉ်တွင် ပါဝင်ခဲ့သော ထိုင်းကျန်းမာရေးစေတနာဝန်ထမ်း တစ်ဦး၏အဆိုအရ တစ်နေ့လျှင် အလုပ်သမားဦးရေ ၂၅၀ ဝန်းကျင်ခန့် စစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ယခုကဲ့သို့ ဘုရားသုံးဆူမြို့ရှိ စက်ရုံအလုပ်သမားတိုင်းကို လာရောက်ရောဂါစစ်ဆေးမှုမှာ ပထမဆုံး အကြိမ် ဖြစ်သည်။