ဆင်းရဲသား ဘဝမြှင့်တင်ရေး သမ္မတပြောကြားသော်လည်း ရခိုင်လယ်သမားများအခွင့်အရေးဆုံးရှုံးနေဆဲ

ဆင်းရဲသား ဘဝမြှင့်တင်ရေး သမ္မတပြောကြားသော်လည်း ရခိုင်လယ်သမားများအခွင့်အရေးဆုံးရှုံးနေဆဲ
by -
နိရဥ္စရာ

သမ္မတ ဦးသိန်းစိန်က အခြေခံ လူတန်းစားတွေရဲ့ လိုအပ်ချက်တွေကို အလေးထား စဉ်းစားပေးဖို့နဲ့   ဆင်းရဲသားတွေရဲ့ ဘဝမြှင့်တင်ရေးမှာ အဟန့်အတား ဖြစ်စေမယ့် ကိစ္စမျိုးတွေကို ရှောင်ရှားကြဖို့ နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့အာရှ ကမ္ဘာ့ စီးပွားရေး ညီလာခံ World Economic Forum မှာ ဇွန်လ ၆ ရက်နေ့က မိန့်ခွန်းပြောရာမှာ ထည့်ပြော သွားခဲ့ပါတယ်။

ploughingအဲသလို သမ္မတကြီးက ပြောကြားသွားပေမယ့် ရခိုင်ပြည်နယ် အနှံ့အပြားမှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆင်းရဲသားတွေရဲ့ ဘဝမြှင့်တင်ရေးမှာ အဟန့်အတား ဖြစ်စေမယ့် ကိစ္စတွေကို မရှောင်ရှားတဲ့ အပြင် တိုးလို့တောင် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က သိမ်းယူသွားတဲ့ ဧက သောင်းနဲ့ ချီတဲ့ လယ်မြေတွေပေါ်မှာ ရခိုင်က လယ်သမားတွေဟာ သီးစား စနစ်နဲ့ နှစ်စဉ် နှစ်တိုင်း လယ်ယာမြေတွေကို ပြန်လည် ငှားရမ်း လုပ်ကိုင် နေရတဲ့အတွက်  လယ်မြေ  ဆုံးရှုံုးပေမယ့်  လယ်လုပ်ပိုင်ခွင့်ရှိနေသေးတယ်လို့ ဆိုနိုင်ကြောင်း လယ်သမားတွေကပြောပါတယ်။ သို့ပေမယ့် ဒီနှစ်မှာတော့ စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေကို သီးစားချ  ငှားရမ်းနေတဲ့ စနစ်ကို ရပ်ဆိုင်း လိုက်တဲ့ အတွက် ရာချီတဲ့ ရခိုင်က တောင်သူ လယ်သမားတွေဟာ ထွန်ယက် စိုက်ပျိုး လုပ်ကိုင် စားသောက်စရာ မရှိတော့တဲ့ အခြေအနေမျိုးကို ဆိုက်ရောက်သွားခဲ့ရပါတယ်။

ရသေ့တောင်မြို့နယ်မှာဆိုရင်လည်း ခမရ ၅၃၆၊  ၅၃၇ နဲ့ ၅၃၈ တပ်ရင်းတွေက သိမ်းယူထားတဲ့ လယ်ဧက တစ်ထောင်ကျော်ပေါ်မှာ ဒီနှစ်မိုးရာသီ ( စိုက်ပျိုးရာသီ) ကစပြီး သီးစား စနစ်နဲ့ ဌားရမ်း လုပ်ကိုင် စားသောက် နေတာကို  စစ်တပ်က ရပ်ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ရသေ့တောင် မြို့နယ်က ဆယ်ကန်၊  ကံပြင်၊ ငတောက်တူချေ၊ တောင်လှမော် ကျေးရွာနဲ့ မြို့ပေါ် ရပ်ကွက်တွေ ဖြစ်ကြတဲ့ တောင်ရင်းတန်းရပ်ကွက်နဲ့ အရှေ ့မြောက်ရပ်ကွက်က ရာနဲ့ ချီတဲ့ တောင်သူ လယ်သမားတွေဟာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ လယ်ဧက ၁၀၀၀ ကျော်ကို  စစ်တပ်မှ ၁၉၉၃ ကတည်းက အဓမ္မသိမ်းယူသွားခဲ့ပေမယ့် တနှစ်ကို တစ်ဧက  စပါး ၂၅ တောင်းနုန်းနဲ့ လယ်သမားတွေကို ပြန်လည်ဌားရမ်း လုပ်ပိုင်ခွင့် ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။

ခုလို သီးစားစနစ်နဲ့ သိမ်းထားတဲ့ လယ်မြေတွေကို လယ်သမားတွေကို ပြန်လည်း ဌားရမ်း လုပ်ကိုင် ခွင့်ပြုတာကို စစ်တပ်က ပိတ်ပင်လိုက်တာဟာ တပ်က မလိုအပ်တဲ့ မြေတွေကို လယ်သမားတွေကို ပြန်ပေးဖို့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ လယ်မြေနဲ့ တစ်ခြားများ စုံစမ်းရေး ကော်မရှင်က ကြိုးပမ်း ဆောင်ရွက်လာတဲ့ နောက်ပိုင်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ကျောက်တော်မြို့နယ်မှာ လယ်ယာလုပ်ပိုင်ခွင့်တွေကို မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်နဲ့ တားမြစ်မူတွေ ပြုလုပ်လာတဲ့ အတွက် လယ်သမားတွေဟာ စိုက်ပျိုးရာသီ ရောက်ပေမယ့် လယ်ယာ မထွန်ယက် မစိုက်ပျိုးနိုင်ကြဘဲ ဖြစ်နေကြတယ်လို့ ပြည်နယ်် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောပါတယ်။

“ဆင်အိုးချိုင်၊ ကာစီ ကျေးရွာ နုန်းထိုး လယ်တွေကို လယ်မလုပ်ရဘူးလို့ ဟန့်တားတဲ့ အတွက် လယ်သမား ၄၀ က လယ်မထွန်ရ ဖြစ်နေပါတယ်။ တစ်ခြားရွာတွေမှာလည်း ဟန့်တား လာနိုင်တဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ ကျွန်တော် အခု လောလောဆယ် သတင်းရတာက ဆင်အိုးချိုင်နဲ့ ကာစီ ရွာ (၂) ရွာဘဲ သတင်း ရပါတယ်” လို့ ပြောပါတယ်။

ဆင်အိုးချိုင်နဲ့ ကာစီရွာမှ လယ်သမားတွေ  ထွန်ယက် စိုက်ပျိုးနေတဲ့  မြေတွေဟာ  ချောင်းကြိုး ချောင်းကြား၊ တောင်ကြို တောင်ကြား မြေလွှတ် မြေရိုင်းတွေကို ခုတ်ထွင်းရှင်းလင်းပြီး ထွန်ယက် စိုက်ပျိုးနေတဲ့  မြေတွေ  ဖြစ်ကြပြီး စားကျက်မြေလည်း မဟုတ်ကြဘူးလို့ သူက ပြောသည်။

၎င်းအပြင် နှစ်အဆက်ဆက် လုပ်ကိုင် စားသောက်လာကြပြီး ဒီနှစ်မှာမှ ခုလို တားမြစ်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအပေါ်မှာလည်း လယ်သမားတွေက နားမလည်နိုင်အောင် ဖြစ်နေတယ်လို့ ပြောပါတယ်။

အလားတူ မင်းပြားမြိ့နယ် ဗလိပေါက်ကျေးရွာမှာလည်း ကျောက်တော် စကခ (၉) လာရောက် သိမ်းယူထားတဲ့ လယ်ယာမြေတွေပေါ်မှာ ရွာသားတွေက ထွန်ယက် စိုက်ပျိုးတဲ့ အတွက် စစ်တပ်က တရားစွဲဆိုတာကြောင့် ရွာသား အများအပြားဟာ တရားရုံးမှာ အမှု ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ကတော့ နွမ်းပါးတဲ့ ပြည်သူတွေရဲ့ လူနေမူ ဘဝ အခြေအနေတွေ ဖွံ့ဖြိုး တိုးတက်ဖို့ အစိုးရနဲ့ ပုဂ္ဂလိကပိုင်း ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ အတွက် ကြိုးပမ်းကြဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မူတွေ အားလုံးကို အတူ မျှဝေ ခံစားနိုင်ဖို့အတွက် ကြိုးပမ်းသွားကြဖို့ နိုင်ငံပေါင်း  (၅၀) ကျော်က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ တက်ရောက်တဲ့ အရှေ့အာရှ ကမ္ဘာ့ စီးပွားရေး ညီလာခံကြီးမှာ မိန့်ကြားသွားခဲ့ပါတယ်။

Most read this week