လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝ ကျော်တည်းက ကျင်းပလာခဲ့သည့် ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာပွဲတစ်ခု ဖြစ်သည့် လူးဖိုင် ခေါ် မီးရှူးလုံးလွှတ်ပွဲတော်ကို ဇွန်လ ၈ ရက်က တောင်ကြီးမြို့နယ် မင်္ဂလာကျေးရွာအုပ်စု ဖက်ပုံးကျေးရွာ ရှိ လေပွင့်စေတီတွင် ပြုလုပ်ခဲ့သည်။
''အတာတက်ပွဲလို့လည်း ခေါ်တယ် နှစ် စဉ်နှစ်တိုင်းပြန်လုပ်နေတယ်။ ယခင့် ယခင်ကတော့ သက်ဆိုင်ရာ အာဏပိုင် အဖွဲ့အစည်းတွေက ယမ်းဖောက်ခွဲတယ်ဆိုပြီး တားမြစ်တာတွေရှိဖူးတော့အခြေအနေအကြောင်း ကြောင်းကြောင့် မလုပ်ခဲ့ရတဲ့ နှစ်တွေလည်းရှိပါတယ်။'' ဟု မင်္ဂလာကျေးရွာ ဥက္ကဋ္ဌ ဦးကျော်ခေါင်က မဇ္စျိမကို ပြောသည်။
ယခုနှစ်ပြိုင်ပွဲတွင် လူးဖိုင် ခေါ် မီးရှူးလုံး စုစုပေါင်း ၃၉ လုံးပါဝင်ယှဉ်ပြိုင်ပြီး သတ်မှတ်ထားသည့် အမြင့်ပေနှင့် သတ်မှတ်ထားသည့် မြေပြင်ဧရိယာသို့ အနီးစပ်ဆုံးပြန်ကျသည့် အဖွဲ့များက ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီးရရှိမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် ဆုရရှိသည့် ဆု ကြေးငွေ ၂ဝ ရာခိုင်နှုန်းကို ဘုရားအတွက် အလှူငွေအဖြစ် ထည့်ဝင်ရန် သတ်မှတ်ထားသည်။
''ဒီပွဲက တစ်နှစ်ကျင်းပပြီးရင် နောက်တစ်နှစ် ဒီနေရာမှာ ထပ်ပြီးတော့ ကျင်းပရပါတယ်။ နေရာဒေသစုံက ပအိုဝ်းတိုင်းရင်းသားတွေ စုပေါင်းပြီး ကျင်းပခြင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးရာသီ ရောက်ပြီဆိုတော့ မိုးကိုကြိုဆိုတဲ့ အနေနဲ့လည်း ကျင်းပတာပါ''ဟု ပွဲ ကျင်းပရေးကော်မတီဝင် ဦးခွန်ထွမ်းက ဆိုသည်ဟု သိရသည်။
လူးဖိုင်တစ်လုံး၏ ပြောင်းအရှည် လေးပေရှိပြီး၊ အဝအကျယ် သုံးလက်မနှင့် တစ်စိတ်ရှိသည်။ ယမ်းပိဿာ ခုနှစ်ပိဿာ ပါဝင်ပြီး လူးဖိုင်မီးလုံးတစ်လုံးပြုလုပ်လျှင် ငါးရက်မှ တစ်ပတ်ခန့် ကြာမြင့်သည်။ ကုန်ကျငွေ စုစုပေါင်း အနည်းဆုံးကျပ် ရဝ,ဝဝဝ အများဆုံး ၂ဝဝ,ဝဝဝ ခန့် ကုန်ကျသည်။