မောင်တော အကြမ်းဖက်မှုနှစ်ပတ်လည်နေ့ ရခိုင်အမျိုးသမီးအဖွဲ့က အလှူအတန်းလုပ်

မောင်တော အကြမ်းဖက်မှုနှစ်ပတ်လည်နေ့ ရခိုင်အမျိုးသမီးအဖွဲ့က အလှူအတန်းလုပ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရခိုင် အမျိုးသမီး ကွန်ယက်က ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ကျရောက်သော မောင်တောမြို့နယ် ရခိုင်လူမျိိုးများ အကြမ်းဖက် ခံရသည့် နှစ်ပတ်လည်နေ့တွင်  ထောက်ပ့ံလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

မောင်တောမြို့ပေါ်တွင် ယမန် နှစ် ဇွန်လ (၈) ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားနေစဉ်။

မောင်တောမြို့နယ် အမျိုးသမီးကွန်ယက်မှ ယနေ့  ကျရောက်သော အကြမ်းဖက်ခံရသည့် (၁) နှစ်မြောက် နှစ်ပတ်လည်နေ့ တွင် (ယမန်နှစ်က) မီးရှို့ တိုက်ခိုက် ခံခဲ့ရသည့် သရေကုန်ဘောင်နှင့် ကင်းချောင်း ကျေးရွာများမှ အိမ်ထောင်စု ၁၅၀ နီးပါး (သရေကုန်ဘောင်မှ မိသားစု ၁၁၉ စုနှင့် ကင်းချောင်းကျေးရွာမှ  မိသားစု ၂၆  စု )ကို သွားရောက်ထောက်ပ့ံလှူဒါန်းခဲ့သည်ဟု ဆိုသည်။

“ ဦးဇင်းတို့ကို မောင်တောမြို့နယ် ရခိုင် အမျိုးသမီး ကွန်ယက် အဖွဲ့က အကူအညီ တောင်းတဲ့ အတွက် သူတို့နဲ့ အတူ ဒီကနေ့ နှစ်ပတ်လည်နေ့မှာ သရေကုန်ဘောင်နဲ့ ကင်းချောင်းကို သွားပြီး နေ့စဉ်သုံး ပစ္စည်းတွေကို သွားရောက် လှူဒါန်းခဲ့ပါတယ်” ဟု မောင်တောဗဟိုကျောင်းမှ ဦးဇင်း ၀ဏ္ဍိတက ပြောသည်။

လှူဒါန်းခဲ့သော ပစ္စည်းများ ဆား၊ ငရုတ်သီးခြောက်၊ ဆီ၊ ဟင်းချို့မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ ဖြစ်ကြသည်ဟု ဆိုသည်။

မောင်တောမြို့ပေါ်တွင် နှစ်ပတ်လည်နေ့နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အခမ်းအနားများ ပြုလုပ်ခြင်း မရှိကြောင်း ဦးဝဏ္ဍိတက မိန့်ကြားသည်။

” မောင်တောမြို့ပေါ်မှာတော့ အထိမ်းအမှတ်နေ့ အခမ်းအနားတွေ လုပ်တာ မတွေ့ရပါ။ လုံခြံုရေး အခြေအနေကြောင့် ဖြစ်ဖို့များပါတယ်″ ဟု ဆိုသည်။

လွန်ခဲ့သည့်နှစ် ဇွန်လ ၈ ရက်နေ့က မောင်တောမြို့ မြို့မ အနောက်ရပ်ကွက်ရှိ ဂျာမေဗလီ (ခေါ်) ကျောက်ဗလီနှင့် မြို့မ ကညင်တန်း အုပ်စုရှိ သုဿန်ဗလီတို့မှ ၀တ်ပြု ဆုတောင်း အပြီးတွင် ကြိုတင် စီစဉ်ထားသည့် အတိုင်း ဘင်္ဂါလီ လူအုပ်ကြီးသည် ရခိုင်အမျိုးသားများနှင့် နေအိမ်များကို စတင် မီးရှို့ တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မူကြောင့် မောင်တောမြို့ပေါ် ဗိုလ်မှူးရွာတွင် အိမ်ခြေ (၁၅) လုံး ၊ မောင်တောမြို့နယ် အုန်းတော ကျေးရွာ အုပ်စု မောရဝတီ စံပြကျေးရွာမှ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း အပါအဝင် အိမ်ခြေ (၁၀၉) လုံး၊ မောင်တောမြို့မှ ၁၂ မိုင်ကွာဝေးသည့် ဂေါ်ဒူသာရ ကျေးရွာ အုပ်စု သရေကုန်ဘောင်မှ အိမ်ခြေ (၉၇) လုံး၊ နစက (၃) မိုင်ရှိ ဝေသာလီကျေးရွာမှ မီးစက်ရုံနှင့် အိမ်ခြေ (၉) လုံး၊ ခရေမြိုင် စံပြကျေးရွာမှအိမ်ခြေ (၄၇) လုံး၊ ဗေါဓိကုန်းကျေးရွာမှ အိမ်ခြေ (၃၁) လုံး၊ တပ်ဦးချောင်း ကျေးရွာမှ အိမ်ခြေ (၂၁)လုံး၊ ကင်းချောင်းကျေးရွာမှ အိမ်ခြေ (၂၅) လုံး၊ ဒီပီအေ စံပြကျေးရွာမှ အိမ်ခြေ (၂) လုံး၊ ရွှေရင်အေး နတလ စံပြကျေးရွာမှ ဘုန်းတော်ကြီးကျောင်း အပါအဝင် အိမ်ခြေ (၆၇)လုံး၊ ဝေသာလီ စံပြကျေးရွာမှ အိမ်ခြေ (၇)လုံး၊ ကိုင်းကြီးရွာဟောင်းမှ အိမ်ခြေ (၃၆) လုံး၊ မောင်တောမြို့ပေါ် အရှေ့ရပ်ကွက်မှ အိမ်ခြေ (၃) လုံးတို့  မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။

မောင်တောမြို့နယ် တွင် ဆူပူ အကြမ်းဖက် ခံရမူကြောင့် ရခိုင်လူမျိုး (၂၀) သေဆုံးခဲ့ပြီး (၇) ဦး ဒဏ်ရာ ရရိိှခဲ့သည်။

Most read this week