မြန်မာ-ဘင်္ဂလားနယ်စပ် ပရဟိတကျောင်း ကလေးများဦးရေတိုး - ထောက်ပံ့ငွေအထူးလိုအပ်

မြန်မာ-ဘင်္ဂလားနယ်စပ် ပရဟိတကျောင်း ကလေးများဦးရေတိုး - ထောက်ပံ့ငွေအထူးလိုအပ်
by -
နိရဥ္စရာ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် တိုင်းရင်းသား ကျောင်းသား လူငယ်များ အတွက် ဖွင့်လှစ်ထားသော ဘုန်းတော်ကြီး ပညာသင်ကျောင်းများတွင် ယခုနှစ် ပညာသင်နှစ် အတွင်း ကျောင်းသား ဦးရေများ အထူးတိုးပွားနေသဖြင့်  ထောက်ပံ့ ကူညီမူများ လိုအပ်နေကြောင်း သတင်း ရရှိသည်။

to-narinjara

အထူးသဖြင့် မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေချ့် နိုင်ငံနှင့် ကပ်ရပ် တည်ရှိသော နံ့သာတောင်  “နယ်စပ်ဒေသ ရခိုင်အမျိုးသား အမျိုးသမီး ပညာဒါန ပရဟိတကျောင်း” ကျောင်းမှာ ပိုမိုပြီး အကူအညီများ ပိုလိုအပ်နေသည်ဟု ဆိုသည်။

လုံခြံုရေး အခြေအနေများကြောင့် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် အစိုးရ စာသင်ကျောင်းများကို ပုံမှန် မဖွင့်နိုင်သလို ကျောင်းသားများ အနေဖြင့်လည်း တစ်ရွာမှ တစ်ရွာသို့ ကျောင်းသွားတက်ရန် မဖြစ်နိုင်ရာမှ မိဘများက သားသမီးများကို နံ့သာတောင် ပရဟိကျောင်းတွင် လာအပ်ရာမှ ကျောင်းသားဦးရေ တိုးပွားလာသည် ကျောင်းတည်ထောင်သူ ဦးစရဏမှ ဆိုသည်။

“ ဦးဇင်းတို့  ၂၀၁၂-၁၃ ပညာသင်နှစ်မှာကျတဲ့အခါမှာ အလယ်တန်းကနေ အထက်တန်း အထိ ကျောင်းသား ၈၀ ရှိပါတယ်။ ဒီနှစ်မှာဆိုရင် အလယ်တန်းကပင် အထက်တန်းထိ ၂၀၀ နီးပါးရှိနေပြီဆိုတော့ ၁၂၀ နီးပါးတိုးလာပါတယ်။”

ယခုကဲ့သို့ အစိုးရကျောင်းများထက် ပရဟိတကျောင်းများတွင် ကျောင်းသား ဦးရေ တိုးပွားလာရသည့် နောက်ထပ် အခြား အကြောင်းအရင်းမှာ ဒေသအတွင်းရှိ ပြည်သူများ အနေဖြင့် တစ်နေ့ထက် တစ်နေ့ စီးပွားကပ်ဆိုက်ကာ ဆင်းရဲလာရာမှ ဖြစ်ကြောင်း  ဦးဇင်းက  မိန့်ကြားသည်။

“ ဘာဖြစ်လို့ တိုးလာသလဲဆိုရင် မောင်တောမြို့နယ်မှာ လွန်ခဲ့တဲ့နှစ်က ဖြစ်သွားတဲ့ ကိစ္စ အပြင်  ကျောင်းသား မိဘတွေက စီးပွားရေး မဖုံလုံဘူး၊ တဖြည်းဖြည်း ပိုဆင်းရဲ လာကြတယ်။ ဆင်းရဲတော့ သားသမီးတွေကို ပညာသင်ပေးဖို့ အာရုံ စူးစိုက်မူ အပိုင်းမှာလည်း အားနည်းလာတယ်။ နောက်တခုက သားသမီးတွေက ကျောင်းနေချင် ပေမယ့် အစိုးရကျောင်းတွေမှာဆိုရင် ငွေရေးကြေးရေးက အကုန်အကျ များတယ်။ မထားနိုင်ကြဘူး။ ပရဟိတကျောင်းနဲ့ အစိုးရကျောင်းတွေက သင်ကြားပို့ချမှုလည်း  ကွာခြားပါတယ်။ နောက်တခါ စည်းကမ်းထိန်းသိမ်းတဲ့အပိုင်းကလဲ ကွာခြားတဲ့ အတွက်ကြောင့် ပရဟိတ ကျောင်းကိုဘဲ လာအပ်ကြတယ်။ ဒါကြောင့် ကျောင်းသား ဦးရေ တိုးလာတာဖြစ်ပါတယ်” ဟု ဆိုသည်။

၂၀၁၃- ၁၄ ပညာသင်နှစ်အတွက် မေလ ၂၈ ရက်နှေ့မှ စပြီး ကျောင်းသားများ လက်ခံရာတွင်  မူလတန်းကျောင်းသား များမပါ၀င်ဟု ဦးဇင်းက ပြောသည်။ မူလတန်းကျောင်းသားများကိုသာ လက်ခံပါက ကျောင်းသားမှာ ထောင်ချီ ဖြစ်သွားနိုင်သည်ဟု ဆိုသည်။

“မူလတန်းကို ဦးဇင်း ဒီနှစ်လက်မခံပါ။ ဘာကြောင့်လဲဆိုတော့ မူလတန်းအဆင့်ကို ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားမိဘတွေ အားလုံးက သင်ပေးနိုင်ပါတယ်။ ဒေသ တခွင်မှာလည်း မူလတန်းကျောင်းတွေက ရွာတိုင်းရွာတိုင်းမှာရှိပါတယ်။ မိမိတို့သား/သမီး တွေကို မိမိတို့ မူလတန်းကျောင်းမှာ သင်ပေးနိုင်တဲ့အတွက် ဦးဇင်းတို့ လက်မခံတာ ဖြစ်ပါတယ်။၊”

နယ်စပ်ဒေသ ရခိုင်အမျိုးသား အမျိုးသမီး ပညာဒါန ပရဟိတကျောင်းတွင် ယခုအခါ ကျောင်းသား ၂၀၀ ခန့် ရှိပြီး အလယ် တန်းမှ အထက်တန်းထိ ကျောင်းအိပ်ကျောင်းစား ကျောင်းသား ၁၇၀၊ အပြင်မှ လာရောက်သင်ကြားသူ ၃၀ ခန့်ရှိသည်ဟု သိရသည်။

ကျောင်းအိပ်ကျောင်းစား ကျောင်းသားများ၏ စားဝတ်နေရေးအတွက် အလှူရှင်များ၏ လှူဒါန်းသည့်အပေါ် မူတည်သည်ဟု ဦးဇင်းက မိန့်ကြားသည်။

“ ဦးဇင်းတို့ ကျောင်းသားတွေ စားဝတ်နေရေးအတွက် အခု ဖြေရှင်းနေရတာက အလှူရှင်တွေက လှူဒါန်းတဲ့အပေါ်မှာ မူတည်ပြီး ဖြေရှင်းနေရပါတယ်။ အလှူရှင်တွေက လှူဒါန်းမှု အားကောင်းလာလေလေ ဦးဇင်းတို့ ကျောင်းသားတွေ စားဝတ် နေရေးက အဆင်ပြေလာလေလေပါ။ အလှူရှင်တွေ အားနည်းလာလို့ရှိရင် ဦးဇင်းတို့ နည်းမျိုးစုံနဲ့ ဖြေရှင်းပေး နေရပါတယ်။”

လွန်ခဲ့သည့်နှစ်က ကျောင်းသူ/သားများကို သင်ပြပေးရန် ဆရာ/မ ၂၃ ဦးကို ခန့်အပ်ထားနိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ရုံပုံငွေ အခက်အခဲများကြောင့် ယခုနှစ်တွင် ဆရာ/မ ၂၂ ဦးသာ ခန့်အပ်နိုင်မည်ဟု သိရသည်။

နယ်စပ်ဒေသ ရခိုင်အမျိုးသား အမျိုးသမီး ပညာဒါန ပရဟိတကျောင်းမှ ၂၀၁၂-၁၃ ခုပညာသင်နှစ်က တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသူ/သား ၁၇ ဦးသာရှိခဲ့သော်လည်း ယခုနှစ်တွင်မှု ၃၅ ဦးအထိ ၀င်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ ရခိုင်အမျိုးသား အမျိုးသမီး ပညာဒါန ပရဟိတကျောင်းကို ၂၀၁၂ ခု ဇူလိုင်လ ၃ ရက်နေ့က စတင်ဖွဲ့စည်း တည် ထောင်ခဲ့သည်။

အလားတူ မောင်တောမြို့နယ်တခုလုံးတွင် နယ်စပ်ဒေသ ရခိုင်အမျိုးသား အမျိုးသမီး ပညာဒါန ပရဟိတကျောင်းအပါ အဝင် ပရဟိတကျောင်း ၄ ကျောင်းရှိရာ မောင်တောမြို့ပေါ်ရှိ သုံးမိုင်ပရဟိတကျောင်း၊ အလိုတော်ပြည့် ပရဟိတကျောင်း နှင့် ဇောတိကာရုံ ပရဟိတကျောင်းများတွင် လည်း ကျောင်းသားဦးရေ ပိုမို တိုးပွားလာသည်ဟု သိရသည်။

Most read this week