မွန်ပြည်နယ်၌ အပစ်အခတ် ရပ်စဲမှု စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်း

မွန်ပြည်နယ်၌ အပစ်အခတ် ရပ်စဲမှု စောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်း
by -
ရွှေဟင်္သာ

ဂျွန်လ ရ ရက် ယနေ့ဖွဲ့စည်းလိုက်သော အပစ်အခတ် ရပ်စဲမှု စောင့်ကြည့်ရေး ကော်မတီသည် မွန်ပြည်နယ် တွင်းရှိ လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တို့ကြား သဘောတူညီ ထားချက်များ အပေါ် စံထားပြီးစောင့်ကြည့် နိုင်ရန် အတွက် သီးခြား လွတ်လပ်သည့် ကော်မီတီမျိုး ဖြစ်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးမှ ဆိုပါသည်။

ကော်မီတီ ဖွဲ့စည်းရန် ရှင်းလင်း တင်ပြနေစဉ် ကော်မီတီ ဖွဲ့စည်းရန် ရှင်းလင်း တင်ပြနေစဉ် (ဓါတ်ပုံ - မင်းမင်းလတ်)

“   ချုပ်ဆိုထားတဲ့ သဘော တူညီချက် တွေကို တဖက်ဖက်က ချိုးဖေါက် ခဲ့ရင်တော့ ဒီကော်မီတီကနေ  သတင်းနဲ့ မီဒီယာ ကနေ တဆင့်  နှစ်ဖက် စလုံးကို ချပြနိုင်ခဲ့ရင်  ချိုးဖေါက်မှုတွေဟာ အထိုက်အလျောက် တော့ နည်းသွား လိမ့်မယ်လို့ ခံယူတယ်။” ဟု ဆိုပါသည်။

လောလောဆယ် အခြေအနေတွင် ကော်မီတီသည် စောင့်ကြည့်သွားရမည့် ကဏ္ဍများကို မဆွေးနွေးရသေးဟု ဆိုပါ သည်။ ကော်မီတီကို ဆန္ဒအလျှောက် သီးခြား လွတ်လပ်သည့် တသီး ပုဂ္ဂလများနှင့် ဖွဲ့စည်းထားပါသည်။ သို့သော် ဤကော်မီတီ အပေါ်တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရများက မည်သို့ သဘောထား ရှိသည်ကို မသိရသေးပေ။

ယင်းအစည်းအဝေးကို မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်တွင် ကျင်းပခဲ့ပြီး နိုင်ငံရေး ပါတီများ၊ လူမှု အဖွဲ့အစည်း CBO များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မွန်၊ ကရင်၊ ပအိုဝ့် စာပေ ယဉ်ကျေးမှု ကော်မတီ ဝင်များ၊ တသီး ပုဂ္ဂလ စိတ်ဝင်စား သူများ စသည့် အဖွဲ့အစည်း နယ်ပယ် အသီးသီးမှ ကိုယ်စားလှယ်များ (၂၀၀) ကျော် တက်ရောက် ခဲ့ပါသည်။

အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်မှု လေ့လာရေး (Ceasefire Monitoring) ကော်မီတီကို နာယက (၅) ဦးနှင့် ကော်မီတီဝင် (၉) ဦးဖြင့် တက်ရောက် လာသော ကိုယ်စားလှယ်များမှ ရွေးချယ် ခဲ့ကြပါသည်။ ကော်မီတီသည် လုပ်ငန်းစဉ်များ မှတ်တမ်း တင်ခြင်း၊ တွေ့ရှိချက် များကို သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့် များသို့ တင်ပြ သွားခြင်းတို့ကို ဆောင်ရွက် သွားမည် ဖြစ်သည်။

ယာယီ အပစ် အခတ် ရပ်စဲရေး ရရှိမှုမှ  ရေရှည် ငြိမ်းချမ်းရေး ရသည် အထိ နှစ်ဦး နှစ်ဖက်အား ထိန်းကျောင်း ပေးနိုင်မည့် စောင့်ကြည့် လေ့လားရေး အဖွဲ့ တစ်ရပ် ပေါ်ပေါက်လာခြင်းသည် ကောင်းမွန်သော လုပ်ငန်းစဉ်ဖြစ်သည် ဟု ကော်မီတီ က ခံယူထားပါသည်။

ကော်မီတီသည်  မွန်ပြည်နယ်ရှိ မွန်ပြည်သစ် ပါတီ ၊ DKBA အဖွဲ့ ၊ KNU အဖွဲ့ ၊ BGF အဖွဲ့များနှင့် အစိုးရတို့ အပစ်ရပ်မှု အား ထိန်းသိမ်း စောင့်ကြည့်သွားမည်ဖြစ်သည်။  

မွန်ပြည်နယ်တွင်းရှိ မွန်ပြည်သစ် ပါတီ  သည် ၁၉၉၄ ခုနှစ်တွင် တစ်ကြိမ် အပစ် အခတ် ရပ်စဲခဲ့ကာ ၂၀၁၀ ခုနှစ် တွင် ပြန်လည် ပျက်ပြယ် သွားခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ထပ်မံ၍ အပစ် အခတ် ရပ်စဲ ခဲ့ပါသည်။ အလားတူ ကရင် အမျိုးသား အစည်းအရုံး (KNU) သည်လည်း၂၀၁၃ ခုနှစ် နှစ်ဆန်း ပိုင်းတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့ပြီး၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) သည် ၂၀၁၂ နှစ်ကုန်ပိုင်း၌ အပစ်အခတ် ရပ်စဲခဲ့ပါသည်။ အစိုးရ လက်အောက်ခံ နယ်ခြား စောင့်တပ် BGF အဖွဲ့မှာမူ ၂၀၁၀ ခုနှစ်နောက်ပိုင်း အစိုးရမှ ဦးဆောင် ဖွဲ့စည်း ပေးခဲ့ပါသည်။