တပ်ရင်းနားက လယ်ကွင်းထဲကျွဲဝင် ပိုင်ရှင်အား ကျပ်ငွေ ၃၀၀၀၀ ဒဏ်ရိုက်

တပ်ရင်းနားက လယ်ကွင်းထဲကျွဲဝင် ပိုင်ရှင်အား ကျပ်ငွေ ၃၀၀၀၀ ဒဏ်ရိုက်
by -
နိရဥ္စရာ

ရသေ့တောင် အခြေစိုက် တပ်ရင်းတခုအနီး လယ်ကွက်အတွင်းကျွဲဝင်သွားရာ ကျွဲပိုင်ရှင် လယ်သမားအား စစ်သားများက  ကျပ်ငွေ ၃၀၀၀၀ ဒဏ်ရိုက်လိုက်သည်ဟု သိရသည်။

ရခိုင်တွင် လယ်ထွန်ရာတွင် နွားထက် ကျွဲကို အသုံးများသည်။

တပ်ရင်း အနီး မြေလွှတ် ဖြစ်နေသော လယ်ကွင်းထဲသို့ ကျွဲများ ၀င်ရောက်ရာမှ ယခုကဲ့သို့ ငွေတောင်းစား သွားခြင်း ဖြစ်သည်ဟု   ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်မှ ကျွဲပိုင်ရှင် ဦးကျော်အေးက ပြောသည်။

“ အဲဒီ လယ်ကွင်းထဲမှာ ဘာမှ စိုက်ပျိုထားတာလည်း မရှိပါဘူး။ မြေလွှတ်ပါ။ အစာ စားရင်းနဲ့ ကျွန်တော်ရဲ့ ကျွဲ ၁၃ ကောင်ဟာ  ခမရ ၅၃၈ တပ်ရင်းက  သိမ်းထားတဲ့  လယ်ကွင်းထဲကို ရောက်သွားခဲ့ပါတယ်။ ဒါကို စစ်တပ်က ဖမ်းပြီး ငွေ ၆၀၀၀၀ တောင်းပါတယ်။ ကျွန်တော်က ၆ သောင်းတော့ မတတ်နိုင်ဘူူး ဆိုတော့ နောက်ဆုံုး အတင်း ငွေသုံးသောင်း တောင်းယူသွားပါတယ်” ဟု ဆိုသည်။

ဇွန်လ ၃ ရက်နေ့က ဦးကျော်အေးပိုင်သော ကျွဲ ၁၃ ကောင်သည် အစာစားရင်း ခမရ ၅၃၈ အနားသို့ ရောက်ရှိသွားပြီးနောက် စစ်တပ်မှ အဆိုပါ ကျွဲ ၁၃ ကောင်ချည်နှောင်ထားခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် ပိုင်ရှင်မှ သွားတောင်းရာ နောက်တစ်နေ့ နံနက်မှ လာယူရန် ပြောကြောင်း၊ နောက် တစ်နေ့ နံနက်တွင် တပ်ရင်းသို့ သွားရောက် တောင်းခံရာ တပ်ရင်းဗိုလ်ကြီး ကျော်ဆန်းမှ ငွေ ၆၀၀၀၀ ပေးရမည်ဟု ပြောဆိုကြောင်း၊ ငွေခြောက်သောင်း ကို ပေးရန် မတတ်နိုင်ကြောင်း ပိုင်ရှင်က ပြောသောအခါ ကျွဲသုံးကောင်ကို ထားခဲ့ရန် ပြောကြောင်း၊ ကျွဲတစ်ကောင်မှ မပေးနိုင်ကြောင်း ပြောသော အခါ ကျပ်ငွေ သုံးသောင်းကို မပေးရင် မရဟုဆိုကာ အတင်း အဓမ္မ တောင်းယူ ထားလိုက်သည်ဟု ဆိုသည်။

ငွေတောင်းသူမှာ တပ်ရင်း ဗိုလ်ကြီး ကျော်ဆန်းဖြစ်ပြီး ငွေလက်ခံသူမှာ တပ်ကြပ်ကြီး လွင်ဦး ဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် စပါးစိုက်ရိတ်သိမ်းပြီးသည့် အချိန်မှ မိုးရာသီ စပါး မစိုက်ပျိုးမီ အချိန်ထိ  ကျွဲနွားများကို လယ်ကွင်းများထဲကျောင်းလေ့ရှိရာ မကြာခဏ ယခုလို ဖြစ်ရပ်များနှင့် ကြံုတွေ့နေကြရသည်ဟု ဆိုသည်။

အချိို့ဒေသများ၌ ကျွဲနွားများအား အစိုးရစစ်သားများက တပ်စခန်းအတွင်း မောင်းသွင်းပြီး  ပိုင်ရှင်များ ထံ ငွေညှစ်တောင်းခံမှု လည်းရှိသည်ဟုဆိုသည်။

Most read this week