အလိမ္မာ စာမှာရှိနေသည့် KNPP နှင့် အစိုးရတို့၏ အခြေအနေ

အလိမ္မာ စာမှာရှိနေသည့် KNPP နှင့် အစိုးရတို့၏ အခြေအနေ
by -
ရွှေဟင်္သာ

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သည်၂၀၁၃ ခုနှစ်မတ်လတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ အပစ်အခတ် ရပ်စဲစဉ် သဘော တူညီချက် (၁၄) ချက်ဖြင့် လက်မှတ်ထိုး ခဲ့သော်လည်း ထိုအထဲတွင် အပစ်အခတ် ရပ်ရေးသဘော တူညီချက်မှ တပါးအခြား မည့်သည့် အချက်မှ အကောင်အထည် ဖေါ်ခြင်း မရှိသေးပေ။

အထူးသဖြင့် အပစ်အခတ် ရပ်စဲ ထားသည်ဟု ဆိုသော်လည်း တပ်နေရာ ချထားခြင်း မရှိသေးပေ။ KNPP သည် ၄င်းတို့ နေနေကျနေရာတွင် ရှိနေသော်လည်း အစိုးရ တပ်ဖွဲ့များသည် အပစ်ရပ်ရေးကို လက်ဦးမှု ရယူပြီး၊ စစ်သင်တန်း နေရာအတွက် မြေယာများ သိမ်းယူပြီး တိုးချဲ့တည်ဆောက် လာလေတော့သည်။

သဘော တူညီချက် များထဲမှ လူထု သက်သာ ချောင်ချိရေးများ၊ ဒုက္ခသည်ရေးရာများ၊ စီးပွားရေး ဆိုင်ရာများနှင့် တပ်နေရာ ချထားရေးများကို ယနေ့ထိ အကောင်အထည်ဖေါ်ခြင်း မရှိသေးပေ။

ဤကိစ္စများအတွက် KNPP သည် အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီနှင့် တွေ့ဆုံရန် အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း မအားမလပ် ဖြစ်နေကြသည့် အတွက် ယနေ့အထိ တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။ သို့သော် လာမည့် ဇွန်လ တတိယ အပတ်လောက်တွင် တွေ့ဆုံရန် ရှိသည်ဟု KNPP အတွင်းရေးမှူး (၁) ဖြစ်သူ ခူဦးရယ်က ဆိုပါသည်။

KNPP သည် အစိုးရနှင့် မဆွေးနွေးမှီ ကရင်နီ ပြည်သူများနှင့်လည်း တွေ့ဆုံဆွေးနွေးရန် အစီအစဉ် ရှိပါသည်။ ဤသို့ကြောင့် KNPP နှင့် ကရင်နီ ပြည်သူကြား ရှိနေသော ချိတ်ဆက်မှုများနှင့် အစိုးရနှင့် KNPP ကြား ဖြစ်နေသော အခြေအနေကို သိရှိနိုင်ရန်  အတွင်းရေးမှူး ဖြစ်သူ ခူဦးရယ်အား ဆက်သွယ် မေးမြန်း ခဲ့ပါသည်။

မေး။   ။ မင်္ဂလာပါဆရာ။ ဆရာတို့ ဇွန်လ အတွင်းမှာ အစိုးရနဲ့ ကေအန်ပီပီ တွေ့ဆုံဖို့ ရှိတယ်လို့ ကြားပါတယ်။ ဟုတ်ပါသလား။

ဖြေ။   ။ ဟုတ်ကဲ့ ရှိပါတယ်။ အစိုးရနဲ့တွေ့မဲ့ရက် အတိအကျတော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် မှန်းထား တာက ဇွန်လ တတိယ အပတ်မှာ ဖြစ်နိုင်ဖို့ များပါတယ်။

မေး။   ။ဒါဆို အစိုးရနဲ့ မတွေ့သေးတဲ့ အချိန်မှာ ပြည်သူလူထုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ် မဟုတ်လား။ ဘယ်နေရာလဲ ဘယ်တော့ စမှာလဲ။

ဖြေ။   ။လူထုနဲ့တွေ့ဆုံမှုတွေ ကတော့ လုပ်ခဲ့ပြီး တာလည်း ရှိတယ်။ ဒီနေ့နဲ့ မနက်ဖြန် မှာလည်း ဒေသ တစ်ခုတည်းကိုပဲ ဦးတည်ပြီးတော့ ဆက်လုပ်ဖို့ ရှိပါသေးတယ်။ တခါမှ မရောက်ခဲ့တဲ့နေရာပေါ့။ ဘောလခဲ ခရိုင် အတွင်းမှာ ရှိတဲ့ ရွာသစ်မြို့နယ်ခွဲထဲမှာ လုပ်ဖို့ရှိပါတယ်။ အဲဒီနေရာမှာ နောက်ဆုံး လုပ်မယ်။ တကယ်လို့ တွေ့ဆုံပွဲ ပြီးရင်တော့ လူထုတွေနဲ့ လိုအပ်ရင် လိုအပ်သလိုဘဲ တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။

 မေး။     ။ဘာကြောင့် ရွာတိုင်းကို မသွားပဲ တစ်နေရာတည်းပဲ တည်နေရာ ထားပြီး လုပ်ရသလဲ။

 ဖြေ။     ။ဒါက ဒီလိုပါ။ ကျနော်တို့ ဒေသမှာ အထူးသဖြင့် နေရာတိုင်းကို သွားချင်ပေမယ့်လို့နေရာတိုင်းက လူထုတွေနဲ့ အချိန်ယူပြီး တွေ့ဆုံကြဖို့ ဆိုတာ မဖြစ်နို်င်တဲ့ အခြေအနေကြောင့်ပါ။ ဒါကြောင့် ကျနော်တို့လည်း သွားနိုင်မယ်။ လူထု တွေလည်း အများဆုံး ဆုံဆည်းနိုင်မယ့် တည်နေရာကို ရွေးပြီး ပစ်မှတ်ထားရတာပါ။ ဒီတော့ အစိုးရနဲ့တွေ့ဆုံပြီးတဲ့ နောက်ပိုင်းမှာလည်း ပြောင်းလဲ လာမယ့် အခြေအနေပေါ် မူတည်ပြီး လိုအပ်ရင် လိုအပ်သလို နေရာဒေသတွေ ရွေးချယ်ပြီး လူထုတွေနဲ့ ထပ်တွေ့ဖို့ ရှိပါတယ်။ အဲဒါက နေရာဒေသ တူတာ ဖြစ်နိုင်သလို မတူကွဲပြားတဲ့ နေရာဒေတွေလည်း ဖြစ်နိုင်ပါတယ်။ ရွေးချယ်ပြီး ထပ်လုပ်မှာပါ။

 မေး။     ။အပစ်ခတ် ရပ်စဲပြီးနောက်ပိုင်း လူထုတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဘယ်နှစ်ကြိမ် လုပ်ပြီးပြီးလဲ။

 ဖြေ။      ။မနှစ်က တစ်ကြိမ် ဒီနှစ်မှာ တစ်ကြိမ်ပေါ့။ နှစ်ကြိမ်ဘဲ ရှိပါသေးတယ်။ ထပ်လုပ်သွားဖို့တော့ စီစဉ် ထားပါတယ်။ အခြေအနေအရပေါ့နော်။

 မေး ။     ။ ကရင်နီ လူထုတွေနဲ့တွေ့ဆုံတဲ့ အခါ KNPP အနေနဲ့ အဓိက ဘာတွေ တင်ပြပြောဆိုကြပါသလဲ။

 ဖြေ ။     ။ ကျနော်တို့ဘက်ကတော့ ဖြစ်ပေါ်နေတဲ့ အခြေနေတွေနဲ့ အစိုးရနဲ့တွေ့ဆုံရာမှာ  ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေနေလေးတွေ ပြောင်းလဲမှုတွေ သဘော တူညီမှုတွေ စတဲ့ အချက်အလက်တွေ ကျနော်တို့ ဆောင်ရွက်ခဲ့တဲ့ အနေ အထားတွေ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကာလ အတွင်းမှာ လူထုတွေရဲ့ ပါ၀င်နိုင်ဖို့ လိုအပ်တဲ့ အခန်း ကဏ္ဍတွေ လူထု တွေက ကိုယ်တိုင် ကိုယ်ကျ ပါ၀င်ပြီး လိုအပ်ချက်တွေ တင်ပြဖို့ တဖန်ပြန်လည် ငြိမ်းချမ်း နေတဲ့အခြေနေမှာ ငြိ်မ်းချမ်း ရေးမပျက်ပြားသွားအောင် လူထုတွေကပါ၀င်ပြီး ထိန်းကြဖို့ ၀ိုင်းဝန်းကြည့်ရှု့ပေးကြဖို့ လူထုတွေက ပူးပေါင်း ပါ၀င်မှသာ မိမိတို့ လိုအပ်ချက်ကို တင်ပြနိုင်မှသာ အောင်မြင်မှာ ဖြစ်တယ်လို့ ထောက်ပြပြီး ပြောဆိုခဲ့ပါတယ်။ ပြီးတော့ လူထုရဲ့အကြံပေးမှုကို လက်ခံပြီး၊ လိုအပ်တဲ့ အချက်တွေ ၊ တင်ပြမှုတွေကို မှတ်သားပေးပါတယ်။

 မေး ။     ။ ဆရာတို့ဘက်က ပြောပြထောက်ပြခဲ့တာ ရှိခဲ့သလို လူထုတွေကရော ဘယ်အချက်ကို အဓိက တင်ပြကြ ပါသလဲ။

 ဖြေ ။     ။ လူထုက သူတို့ရဲ့ အဓိက လိုအပ်ချက်တွေ အများစု တင်ပြနေတာက ကျနော်တို့ ကြားရတာကတော့ သူတို့ရဲ့ နေ့တဓူဝ စားဝတ်နေရေးနဲ့ ပါတ်သတ်တဲ့ ကိစ္စ၊ မငြိမ်းချမ်းတဲ့ ဘဝအခြေအနေမှာ ရှိနေတဲ့အတွက် သူတို့ ဘဝတွေကလည်း နုံချာတဲ့ အခြေအနေမှာ ရှိနေတဲ့ ကိစ္စ၊ ပညာရေး နှင့် ကျန်းမာရေး ပြည့်စုံမှု မရှိပဲ ချွတ်ခြုံကျနေတဲ့ ကိစ္စ၊ လမ်းပမ်း ဆက်သွယ် ရေးကိစ္စ၊ လျှပ်စစ်မီး မရှိ- မရတဲ့ကိစ္စ၊ စိုက်ပျိုးရေးအတွက် ရေအလုံအလောက် မရှိတဲ့ကိစ္စ အဲဒါတွေက အများဆုံး တင်ပြထားတာ ရှိပါတယ်။

 မေး။      ။ ဒီတစ်ခေါက် အစိုးရနဲ့သွားတွေ့တဲ့အခါမှာ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီအနေနဲ့ ဘယ်ကိစ္စ၊ ဘယ် အချက်အလက်တွေကို ဆွေးနွေးကြမှာလဲ။

 ဖြေ ။     ။ ကျနော်တို့နဲ့ နောက်ဆုံးပြည်ထောင်စုအဆင့်မှာရရှိခဲ့တဲ့ သဘောတူညီချက် ၁၄ ချက်ကိုပဲမူတည်ပြီး တ ချက်ချင်းစီကို ဘယ်လို အကောင်ထည်ဖော်ကြမလဲ။ ဆက်လက်ပြီး ဘယ်လိုပူးတွဲ ဆောင်ရွက်ကြမလဲ ဆိုတာကိုပဲ ဆွေးနွေးကြမှာပါ။ အထူးသဖြင့် စစ်ရေး ကိစ္စမှာလည်း ယနေ့အချိန်ထိ တိကျရေရာတဲ့သဘော တူညီချက်မရသေး ဘူး။ စစ်ရေးကိစ္စမှာဆိုရင် ခိုင်မှာတဲ့ သဘော တူညီချက်ရအောင် အထူးကိုဆွေးနွေးကြရမှာပါ။

မေး ။     ။ ဒီတစ်ခေါက်မှာ အစိုးရနဲ့ဆွေးနွေးတဲ့အခါ အရင် သဘောတူထားတဲ့ ၁၄ ချက်အပြင် ကရင်နီ လူထုအတွက်ရော ဘာတွေ တင်ပြဆွေးနွေးဖို့ ရှိပါသလဲ။

ဖြေ ။     ။ အဲဒီ ၁၄ ချက်မှာလဲ လူထုတွေနဲ့ စပ်ဆက်နေတဲ့ အချက်တွေပါ ပါတယ်။ ဆိုလိုတာက ကျေးရွာနဲ့ နီးစပ်တဲ့ နေရာတချို ့တွေမှာ စစ်တပ် ချထားတဲ့အတွက် လူထုတွေ စိုးရိမ်ကြောင့်ကျနေရပြီး ထိတ်လန့်နေတာတွေ ပါပါတယ်။ ပြီးတော့  ကရင်နီလူထု ကြားမှာ စစ်လေ့ကျင့်ရေးကျောင်း ဖွင့်ထားပါတယ်။ အဲဒီ သင်တန်းကျောင်းကြောင့် လူထုတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာ မြေတွေကို သိမ်းဆည်းထားတာ အများကြီး ရှိပါတယ်။ ဒီကိစ္စ တွေကို ပြန်လည်ပြီး စဉ်းစားပေးဖို့ ညှိနှိုင်း သဘောတူ ထားတာ လည်းပါပါတယ်။ တခါ မူးယစ်ဆေးဝါး နှိမ်နှင်းရေး ကိစ္စတွေလည်း ပါပါတယ်။ ဒါတွေကို ဘယ်လို အကောင်အထည်ဖော် မလဲ ဆိုတာကို ကျစ်လစ်အောင် ဆွေးနွေးမှာပါ။ အပစ်အခတ် ရပ်စဲရေးကို လူ ထုတွေက စောင့်ကြည့်လေ့လာသွားဖို့ ဆိုတာကိုလည်း သဘောတူ ထားတာ ပါပါတယ်။

မေး ။     ။ ကေအန်ပီပီ အနေနဲ့ အစိုးရနဲ့ တွေ့ဆုံမှုမှာ အမျိုးသမီးတွေ လူငယ် ကိုယ်စားလှယ်တွေရော ပါ၀င်နိုင်သလား။

ဖြေ ။     ။ ကျနော်တို့ အခု သွားရောက် တွေ့ဆုံမှာက နိုင်ငံရေး ကိစ္စ မဟုတ်သေး သလို လူမှုရေး ကိစ္စလည်း မဟုတ် သေးပါဘူး။ အပစ်ခတ် ရပ်စဲရေးကိုပဲ ဇောင်းပေးပြီးတော့ စစ်ဘက်ရေးရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာဖြစ်တဲ့ အတွက်ကြောင့် လူငယ်နှင့် အမျိုးသမီးရေး ရာ အခန်းကဏ္ဍ ကတော့ အကန့်သတ် ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့နဲ့ အစိုးရ တွေ့ဆုံတိုင်းမှာ  ကျနော်တို့မှာ ရှိတဲ့ လူငယ်တွေ အမျိုးသမီးတွေကို ၀ိုင်းရံ ကူညီပံ့ပိုးတဲ့ အဆင့်ကနေ ပြီးတော့မှ ထည့်သွင်း ပါ၀င်လေ့ ရှိပါတယ်ခင်ဗျ။

မေး ။     ။ ဒါဆို လူငယ်တွေနဲ့ ပြည်သူလူထု၊ အမျိုးသမီး အခန်းကဏ္ဍကို ဘယ်အချိန်မှာ အဓိက ထားမလဲ။

ဖြေ ။     ။ နိုင်ငံရေး စကားပြောတော့မယ် ဆိုရင်တော့ လူထု၊ လူငယ်၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အလေးအနက် စဉ်းစားပေးမှာပါ။ အဲဒီ အချိန်ကျရင် ဒီလို လူတွေက မလွဲမသွေ ပါရမယ် ဆိုတာ အားလုံး သဘောထား ချထားပြီး သားပါ။ ဒီတခေါက် အစိုးရနဲ့ တွေ့ဖြစ်ရင်လည်း  အကြမ်းဖျင်း ကတော့ ကျနော်တို့ တွေ့နေကျဖြစ်တဲ့ ကယားပြည်နယ် လွိုင်ကော် မှာပဲ တွေ့ဖို့ များပါတယ်။

မေး ။     ။ ကယား လူထုတွေရဲ့ လက်ရှိ စိုးရိမ်ကြောင့်ကျမှု အခြေအနေက ဘယ်လိုရှိနေသလဲ။

ဖြေ ။     ။ ကေအန်ပီပီနဲ့ အစိုးရကြား အပစ်အခတ် ရပ်စဲရေးဟာ မခိုင်မာသေးဘူး။ စိတ်မချရသေးဘူး ဆိုတာကို ပြည်သူ လူထုအပေါ်မှာ သေသေချာချာ ချပြထားတဲ့ အပေါ်မှာ လူထုတွေ အနေနဲ့လည်း ဒီအခြေအနေကို သိနေတဲ့ သဘောမှာ ရှိပါတယ်။ သူတို့က တကယ်လို့ နှစ်ဖက် အဆင်မပြေလို့ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားမယ်ဆိုရင် လူထုတွေရဲ့ အအနအထားက ပြန်လည်ပြောင်းလဲပြီး ပိုမို ဆိုးဝါး သွားနိုင်တဲ့ အနေအထားမှာ ရှိနေနိုင်ပါတယ် ဆိုတဲ့ စိုးရိမ်မှုတွေတော့ ရှိနေပါတယ်။ လူထုတွေ စိုးရိမ်မှုတွေ မဖြစ်အောင် လူထုတွေဆီက အကြံဉာဏ် အနေအထားတွေ ရှေ့ဆက် ဘယ်လိုသွား နိုင်မလဲ ဆိုတာမျိုးတွေ  လူထုနဲ့ ကျနော်တို့က ထိတွေ့ပြီး ပူးပေါင်း လုပ်ဆောင်မှ ရမယ်လေ။

ကျေးဇူးတင်ပါတယ်ဆရာ။ အခုလိုပြောပြတဲ့အတွက်--

Most read this week