သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးဆိုသည်များမှာ အပေါ်ယံမဲဆွယ် စကားများသာ ဖြစ်နေပါသည်။ အပေါ်ကတော့ ပြောင်းလဲပါရဲ့ အောက်ခြေက လိုက်မပြောင်း ဘူးဟူသော စကားသည် ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်း၊ ရာစုနှစ်တစ်ခုစာ အကြောက်တရားကြီးစိုးခဲ့ခြင်း၏ ပုံစံကျခြင်း၊ မလှန်ရဲခြင်း များကို ပြသည်။
သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးဆိုသည်များမှာ အပေါ်ယံမဲဆွယ် စကားများသာ ဖြစ်နေပါသည်။ အပေါ်ကတော့ ပြောင်းလဲပါရဲ့ အောက်ခြေက လိုက်မပြောင်း ဘူးဟူသော စကားသည် ကိုယ့်ကိုယ်ကိုယ် လှည့်စားခြင်း၊ ရာစုနှစ်တစ်ခုစာ အကြောက်တရားကြီးစိုးခဲ့ခြင်း၏ ပုံစံကျခြင်း၊ မလှန်ရဲခြင်း များကို ပြသည်။ ဒီမိုကရေစီ နိုင်ငံရေးသမားတို့ကို အထီးကျန်ထားနိုင်လျှင် ပြီးရောဟူ၍ အရင်းရှင်မွေး၊ ဝန်ထမ်းတွေ မက်လုံးပေးနှင့် နှစ်၂ဝ ကျော်ကြာ ထပ်မံလမ်းလွဲခဲ့သော ဖွံ့ဖြိုးမှု နောက်ကျသည့် နိုင်ငံငယ်တစ် ခုတွင် အားကောင်းသောအစိုးရ၊ ပါးနပ်သောအစိုးရ လိုပါသည်။ ဟိုကြောက်ရ၊ ဒီမျက်နှာချိုသွေးရ၊ အိမ်ကျယ် အစိုးရမျိုးနှင့်လည်း မဖြစ်ပါ။
နှစ်ပါတီ ပြန်လှန်ထိန်းကျောင်းစနစ်
၂ဝဝ၄တွင် ပြန်လည်ကျင်းပသော မူဘောင် အသစ်များစွာပါဝင်သည့် အမျိုးသားညီလာခံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြမ်းတွင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်သော အပိုဒ်ပါဝင်ခဲ့ခြင်းသည် ဒီမိုကရေစီအရေး ယုံကြည်လှုပ်ရှားသူ နိုင်ငံရေးသမားတို့အား အတိုင်းအတာလေးတစ်ခုအထိ လက်ခံနိုင်စေခဲ့ပါသည်။
အခုတော ့လွှတ်တော်တွင် ယခင်ခေတ် အဆက်ဆက်အာဏာရယူခဲ့သော အစိုးရများမှဆင်းသက်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)က ၂ဝ၁ဝ၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီး လူများစုအစိုးရ ဖွဲ့စည်းထားနိုင်နေပါသည်။ ၂ဝ၁၂၊ ဧပြီလတွင်မှ ကြားဖြတ်ရွေးကောက်ပွဲဖြင့် အမျိုးသားနှင့်
ပြည်သူ့လွှတ်တော်တို့တွင် နေရာလပ် (၄၈) နေရာအနက် (၄၇) နေရာနိုင်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) က ဒုတိယ အင်အားကြီးပါတီအဖြစ် ရှိနေပါသည်။ အစိုးရအဖွဲ့နှင့် အခြားပြည်ထောင်စုအဆင့် နေရာများ ကိုတော့ တစ်နေရာမျှမရေသေးပါ။ အစိုးရဖွဲ့လောက်အောင် တစ်ဖက်သတ်အနိုင်ရခဲ့သောပါတီက ခွဲပေး၊ ခေါ်ပေးမှ ရမည့် သဘောကြောင့်လည်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ ဒီမိုကရက်နှင့် ရီပတ်ဗလေကင် နှစ်ပါတီ ကြီးစိုးပါတီစုံ ပုံစံ၊ အင်္ဂလန်…ပြင်သစ်…ဂျာမဏီ စသည့် ဥရောပ နိုင်ငံကြီးများ၏ လက်ဝဲဆန်ဆန်၊ လက်ဝဲပျော့လက်ဝဲယိမ်း လစ်ဘရယ်၊ ဆိုရှယ်၊ ဒီမိုကရက်တို့ လေဘာတို့နှင့် လက်ယာပျော့၊ လက်ယာစွန်း၊ ကွန်ဆာဗေးတစ်တွေ…နီယိုကွန်တွေက တစ်ဖက် နှစ်ပါတီ ကြီးစိုးပါတီစုံတို့ကို နိုင်ငံရေး သိပ္ပံဘာသာတွေ၊ ယနေ ့ဒီမိုကရေစီထွန်းကားရေး အနောက်ကြိုးကိုင် သင်တန်းတွေ တွင် အကောင်းဆုံးထား သင်ကြားဟောပြောကြသည်။ ယင်းတို့တွင် အာဏာရှင်ဖြစ်သွား ကြောင်း မတွေ့ ရသောကြောင့်လည်း ဖြစ်သည်။
ထို့ထက်ပို၍ အမြဲနိုင်ခဲ့သော ဂျပန်ပါတီစုံ၏ လစ်ဘရယ်ဒီမိုကရေစီပါတီ (LDP) ချည်းကြီးစိုးခဲ့မှု၊ စင်ကာပူ၏ လီကွမ်ယူတစ်ပါတီတည်း မလေးရှား၏ မဟာသီယာမိုဟာမက်တစ်ပါတီတည်း။ ယုတ်စွအဆုံး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့၏ တစ်ပါတီတည်းဖြစ်မှုတွင် အာဏာရှင် ဖြစ်မသွားကြောင်း တွေ့ကြပါလိမ့် မည်။ ထို့ပြင် တစ်ပါတီကြီး၊ နှစ်ပါတီကြီးအားကောင်းမှုကြောင့် တိုင်းပြည် တိုးတက်မှု၊ လူ့အဖွဲ့အစည်း တစ်ခု၏ လိုအပ်ချက်ဖြစ်သော ပြည်သူများကြား ဝင်ငွေခွဲဝေညီမျှမှုတို့ပင် ကြီးမားခဲ့ကြောင်း တွေ့ရသည်။
အမေရိကန် ပီအာမဟုတ်
ပါတီကြီးတစ်ခု၏ အားကောင်းမှုကြောင့် အာဏာရှင်ဖြစ်သွားနိုင်သည်ဟု အကြောင်းပြကာ လွှတ်တော်တွင် အချိုးကျ ကိုယ်စားပြုမှု Propotonal representative စနစ်ကို ရွေးကောက်ပွဲတွင်ကျင့်သုံးရန် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ကျွန်တော်ကိုယ်တိုင် ပါဝင်ထူ ထောင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု Na tional Democratic Force ( NDF) ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်အရှင်၊ နိုင်ငံတော်သမ္မတကြီးနှင့် အခြားပါတီများနှင့် တွေ့ဆုံရာ၌ ဆော်သြလာသည်ကို တွေ့ရပါသည်။ အထက်တွင်ပြောခဲ့သလို တစ်ပါတီစနစ် ၌ပင် ပြည်သူ့အသံနာခံ ပြန်လည် ထိန်းကျောင်းမှု၊ ပါတီတွင်း ဒီမိုကရေစီကျင့်သုံးနိုင်မှုများအားဖြင့် အာဏာရှင်ပေါ်ပေါက်ရန် မလွယ်ကူပါ။ တရုတ် ပြည်သူ့သမ္မတနိုင်ငံတွင် ပါတီငယ်ပေါင်းရှစ်ခု (အစဉ်အလာ သမိုင်းနေရာတစ်ခုတွင် ပါဝင်ခဲ့သော ကွန်မင်တန် ပါတီအပါအဝင်) နှင့် တစ်သီးပုဂ္ဂလများ ပါဝင်မှုကြောင့်ကား မဟုတ်ပါ။
အမေရိကန်ပြည်ထောင်စုနှင့် နောက်လိုက်ဂျပန်တို့၊ တောင်ကိုရီးယားတို့အပြင်၊ ဥရောပ အနောက်ပိုင်း အရင်းရှင် ဒီမိုကရေစီ သမိုင်းရှည်ကြာခဲ့သည့်နိုင်ငံများတွင် အင်အားကြီးနှစ်ပါတီ အပြန်အလှန်ထိန်း ကျောင်းမှုအားဖြင့် အာဏာရှင်နိုင်ငံ ဖြစ်မသွားခဲ့သည်ကို တွေ့ကြရပါမည်။
''ဟာ ဒါမဟုတ်ဘူး၊ အမေရိကန် ပြည်ထောင်စုမှာ ပီအာရှိတယ်။ ဒါကြောင့် အာဏာရှင်မဖြစ်တာ'' ဟူသောသဘော NDF မှ မိုးကုတ်ကိုတိုး စသူတို့ကရေးသားသည်ကိုလည်း ကျွန်တော် တွေ့ရပါသည်။ အမေရိကန် သမ္မတလောင်းရွေးခြင်း၊ သမ္မတရွေးခြင်းများတွင် နောက်ဆုံးအဆင့် ပြည်နယ်အလိုက်မဲပေးရန် ကိုယ်စားလှယ် ရွေးချယ်စေလွှတ် ခြင်းကို ပီအာဟု ဆိုလိုဟန်ရှိပါသည်။
ဒါက လိုရာဆွဲခြင်း ဖြစ်သည်။ သမိုင်းအရ လွတ်လပ်စွာဖွဲ့စည်း ဖြစ်ပေါ်နေထိုင်သော ပြည်သူများ သဘောတူစုပေါင်း လျက် အမေရိကန်ပြည်ထောင်စုဟု ဖွဲ့စည်းရသောကြောင့် ပြည်နယ်အလိုက် ဒီမိုကရက်ကို ထောက်ခံသူ ရာခိုင်နှုန်း၊ ရီပတ်ပလင် ကင်ကိုထောက်ခံသူ ရာခိုင်နှုန်းအားဖြင့် နောက်ဆုံးအဆင့် သမ္မတရွေးပွဲသို့ တက်ရောက်ရသော ကိုယ်စားလှယ် ဦးရေအချို့ စေလွှတ်ရန် ရွေးချယ်ခြင်းသည် သမ္မတကို ပီအာဖြင့် ရွေးခြင်းလိုလို ရေးသား၍ မရပါ။
မည်သူမဆို နောက်ဆုံးအဆင့် သမ္မတရွေးပွဲသို့ တက်ရောက်လိုကြပေမည်။ ထိုအခါ ဒီပါတီက ဘယ်နှစ် ယောက်၊ ဟိုပါတီက ဘယ် နှစ်ယောက်ဟု ခွဲတမ်းပြုရမည်သာ ဖြစ်သည်။ ယင်းကို အမေရိကန်ပြည်ထောင်စု၌ ပီအာသုံးသည် ဟု လုပ်ချ၍ မရပါ။
ပြည်ခိုင်ဖြိုးအတွက် ပီအာ မထူးခြား
၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD က အများစုအနိုင်ရမည်ဟု ယခုကတည်းက စိုးရိမ်နေခြင်းမှ အစပြုလျှက် လွှတ်တော်တွင် ပါတီတိုင်း အနည်းနှင့်အများ နေရာရရှိ တက်ရောက်နိုင်ရေးအတွက် ပီအာကို တင်လာခြင်း သည်၊ ပါတီကိုယ်စီထောင်လာခြင်း၊ လွှတ်တော်တွင် နေရာများစွာတိုးချဲ့ရရန်ရှိခြင်း၊ ပြည်သူတို့တွင် မိမိကိုယ်စားလှယ်ကို တိုက်ရိုက်မေးမြန်း။ စစ်ဆေးရန်မပြောနှင့် မြင်တွေ့ခွင့် မရဘဲ မိမိကိုယ် မိမိခန့်သည့် ပါတီခေါင်းဆောင်များ ပြောသမျှ ''ချပေးသမျှ လက်ခံရရန် ရှိခြင်းစသည့် လူများစကားများ၊ အလွဲလွဲအချော်ချော် ဖြစ်လာစရာများ ရှိပါသည်။
ပီအာ အဆိုရှင်များသည် သူတို ့လုံးပါးပါးတော့မည့်အနေအထားကို ကယ်တင်ရှင်သန်ကျန်ရစ်ရန်ပါတီကြီး နှစ်ခု ပြန်လှန်ထိဖန်းကျောင်းမှုကို ထည့်တွက်မပြတော့ဘဲ ယင်းတို့နှစ်ခုအနက်မှ တစ်ခုက အပြတ်အသတ် အနိုင် ရသွားပါက အာဏာရှင်ဖြစ်သွားမည်ဟူသော တစ်ကြောင်း ဆွဲယူဆချက်ကို အဘက်ဘက်မှပြည့် စုံသော ယူဆချက်အဖြစ် ကြိုးပမ်းတင်ပြနေကြောင်း တွေ့ရပါသည်။ ဤတွင် အပြတ်အသတ်ရှုံးတော့မည် ဟူသော မရေမရာမခိုင်မာ သေးသည့်ယူဆချက်ဖြင့် လက်ရှိအများစု အနိုင်ရပါတီကိုခြောက်လှန့်တိုက် တွန်းဆွဲဆောင် မှုပြုထားကြောင်း တွေ့ရသည်။
ထိုအချက်သည် အပြတ်မပြောနိုင်သေးဘဲ ပိန်မသာလိမ်မသာ ၄၉ ၊ ၅၁ အချိုးမျိုးလည်း ဖြစ်နိုင်သေးကြောင်း သတိမူရပါမည်။ ၆ဝ၊ ၄ဝ ဖြင့် မနိုင်ပါ။ ယနေ့အချိန်တွင် လှမ်း၍မပြောနိုင်သေးပါဟု ဆိုလျှင်လည်း ရနေပါသည်။ မည်သို့ပင်ဖြစ်စေ ပြည်ခိုင်ဖြိုးအတွက် ပီအာမပါမသုံးလျှင်လည်း အများစုအနိုင်ရနိုင်သလို၊ ဒုတိယအင်အားကြီး အတိုက်အခံက ဒုတိယ အင်အားကြီးအတိုက်အခံပင် ဖြစ်ဖွယ်ရာ များ နေပါသည်။ ဒုတိယက ပထမဖြစ်မလာလျှင် မလာဘဲနေမည်သာ ဖြစ်သည်ဟု ဆိုလိုသည်။
ပီအာသည် ပြည်ခိုင်ဖြိုးကို ဘာမှအကျိုးမပြု၊ ထူးခြားမလာနိုင်ပါ။ ပြည်သူ့ပုံရိပ်တွင် ညစ်သည်ဟု ဆိုးရွားသွားစရာ မရှိပါသည်။ ဒီမိုကရေစီသည်အဖွင့်အရှင် open and dynamic ဖြစ်သည်။ နောက်ဆုံး၌ အင်အားကြီး တစ်ခုနှစ်ခု ကျန်ခြင်းမှာ သဘာဝဖြစ်သည်။ ခွဲတမ်းသည် အပိတ်အသေ close and static ဖြစ်သည်။ ဆိုရှယ်လစ်၊ ကွန်မြူနစ် တို့ သုံးသည်။ ပီအာဖြင့် အာဏာရှင်ဖြစ်လာသော ဟစ်တလာ၏ပါတီသည် အမျိုးသား ဆိုရှယ်လစ် ဝါဒီပါတီဖြစ်ပါသည်။