RCSS/SSA နေရာအစားထိုးသည့် အစိုးရတပ် နှင့် ပြည်သူ့စစ်အဖွဲ့ နယ်စပ်ဖြတ်ခ အဆမတန်ကောက်

RCSS/SSA နေရာအစားထိုးသည့် အစိုးရတပ် နှင့် ပြည်သူ့စစ်အဖွဲ့ နယ်စပ်ဖြတ်ခ အဆမတန်ကောက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြိုနယ်ရွှေလီမြစ် ကူးတို့ဆိပ်များ၌ မြန်မာစစ်တပ်နှင့်ပန်းဆေးပြည်သူ့စစ် တို့ပူးပေါင်း၍  အခွန်များ အဆမတန် စောင့်ကောက်နေကြောင်း စုံစမ်းသိရှိရသည်။

“နောင်တိန်း ကူးတို့ဆိပ်နဲ့ မန့်ဟောင်ကူးတို့ဆိပ်မှာပေါ့။ ကျပ်တစ်သောင်းနဲ့အထက်ဘဲ။ ဗမာစစ်သားတွေနဲ့ ပန်းဆေး ပြည်သူ့စစ်တွေလေ။ သျှမ်းဘောင်းဘီတွေဝတ်ပြီးစောင့်ကောက်တာ။ စစတွေ့ချင်း ဘယ်လိုလုပ်ပြီး သျှမ်းစစ်သား ရောက် နေလဲပေါ့။ နောက်မှ ဗမာစကားတွေပြောနေကြတာ။ တယောက်မှသျှမ်းမဟုတ်ဘူး” ဟု ထော်လာဂျီခွန်ပေး ဆောင်ရသော ဒေသခံ ထော်လာဂျီယာဉ်မောင်းတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

နောင်တိန်းကူးတို့ဆိပ်

နောင်မ စခန်းထိုင်  နမ့်ဖက်ကာအခြေစိုက် ခလရ ၁၂၃ တပ်ရင်းမှ စစ်သားများဖြစ်ကြောင်း ၎င်းတို့သည် သျှမ်းဘောင်းဘီ ၀တ်ဆင်၍ မေလ ၂၈ ရက်နေ့မှ စပြီး အခွန်များစောင့်ကြပ်ကောက်ခံနေကြောင်း တအာင်းကျောင်း သားနှင့် လူငယ်များ အစည်းအရုံးသတင်းနှင့်လူ့အခွင့်အရေးမှတ်တမ်းဌာန ကလည်း သျှမ်းသံတော်ဆင့်အား သတင်းပေးပို့ပါသည်။

ခလရ ၁၂၃ တပ်ရင်းမှူး အောင်ကျော်ထွန်း၏ တပည့်များမှ စစ်သား ၄ ဦးနှင့် ပန်ဆေးပြည်သူ့စစ် တို့သည် မီသွေးကား တစ်စီးလျှင် ကျပ်ငွေ ၅၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ အခွန်ကောက်ခံနေ ကြောင်း၊ တရုတ်ဘက်ခြမ်း တွင်လည်း သုံးဘီးကား တဦး ယွမ် ၂၀ (ကျပ်ငွေ ၃၀၀၀ ခန့်) ကောက်ခံကြောင်း ပြောသည်။

နမ့်ခမ်းမြို့ခံ စိုင်းအိုက်ယီ့ ကမူ “ မီးသွေးသယ်ကားတမျိုးတည်းဘယ်က မလဲဗျာ။ သုံးဘီးရော၊ ထော်လာဂျီရော အကုန် ကောက်တယ်။ သုံးဘီးက တစ်သောင်းကျပ်၊ ထော်လာဂျီနဲ့ ကားက သုံးသောင်းကျပ်နဲ့ လေးသောင်းကျပ် ကောက်နေကြ တယ်။ နေ့တိုင်းမဟုတ်ပေမယ့် ရေရှည်အဲလိုရှိသွားမယ်ဆိုရင် ကုန်သည်တွေ အမြတ်ဘယ်ကျန် တော့မလဲ။ အခက်အခဲ ဖြစ်တော့မှာပေါ့” ဟု ဆိုပါသည်။

နောင်တိန်းကူးတို့ဆိပ်

အဆိုပါ ကူးတို့ဆိပ် ၂ နေရာတင်ပေးရသည်မဟုတ်ဘဲ လမ်းတလျှောက်တွင်လည်း မြန်မာစစ်တပ်၊လဝက၊ ရဲ ၊သစ်တော တို့မှ အခွန်စောင့်ကောက်လျှက်ရှိကြောင်း ကုန်သည်များညီညူနေသည်ဟုလည်း တအာင်းကျောင်းသား နှင့်လူငယ်များ အစည်းအရုံးက ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယခင်လက နောင်မရွာအခြေစိုက် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည်တပ်မတော်၏ အမှတ် ရ၀၁ စစ်ဒေသ အား မြန်မာအစိုးရက ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း သျှမ်းတပ်ဖွဲ့က ဆုတ်ခွါပေးလိုက်ရပြီဖြစ်သည်။ ထိုနောက်ပိုင်း သျှမ်းပြည်တပ်မတော်ဝတ်စုံဝတ်ဆင်ထားသည့် မြန်မာစစ်တပ်က ကျေးလက် ဒေသများတွင်လည်းကောင်း ကူးတို့ဆိပ်များတွင်လည်းကောင်း ဒေသခံလူထုအား ခြိမ်းခြောက်ငွေတောင်းနေမှု ၊ လူ့အခွင့်အ ရေးချိုးဖောက်နေမှုများဆက်တိုက်ဖြစ်ပေါ်နေသေးသည်။ သျှမ်းတပ်ဖွဲ့ ဝတ်စုံဝတ်ဆင်သည့်မြန်မာစစ်တပ် ယခင်အပတ် အတွင်းက နမ့်ခမ်းမြို့နယ်မုံးဝီးအုပ်စုရှိ တအာင်းတပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။

Most read this week