ပအို့ဝ်အမျိုးသား တပ်မတော် (PNA) အနေဖြင့် တောင်ကြီးမြို့၊ မောက်စံ ကျေးရွာရှိ NLD ရုံးကို ဝိုင်းရံခြင်း လုပ်ခဲ့သည်ဆိုခြင်းမှာ လုံးဝဟုတ်မှန်ခြင်းမရှိဟု PNO (ပအို့ဝ် အမျိုးသားအဖွဲ့ချုပ်) အသွင်ပြောင်း စစ်ဗိုလ်မှူးကြီး ဦးခွန်လာက ဇွန်လသုံးရက်တွင် ပြောကြားသည်။
စစ်ဗိုလ်မှူးကြီး ဦးခွန်လာက တောင်ကြီးမြို့နယ်၊ နမ်းဟောင်း ကျေးရွာအုပ်စု၊ PNO ဌာနေ ပြည်သူ့စစ် အခြေစိုက်စခန်းတစ်ခုဖြစ်သည့် ယင်းရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့ခြင်းမှာ PNA က မောက်စံကျေးရွာရှိ လယ်ယာမြေ တချို့ကို သိမ်းယူထား သည့် အပေါ် ယင်းလယ်မြေ ပြန်ရရေး NLD ပါတီဝင်များက ဝင်ရောက် ကူညီပေးခဲ့ခြင်းကြောင့် ပြဿနာများဖြစ်ပွားရခြင်း ဖြစ်သည်ဟု မေလတွင်းက NLD ပါတီကပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြား သည်။
PNA ဘက်မှလည်း ယင်းမြေယာများသည် ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး ယူပြီးစဉ်ကာလကပင် တောထူထပ်
မြေများ၊ မြေလွတ် မြေရိုင်းသာဖြစ်ပြီး ဘိုးဘွားပိုင်မြေ မဟုတ်ဟု ဆိုသည်။ ယင်းမြေများပေါ်တွင် ၎င်းတို့ကသာ သီးနှံစိုက်ပျိုးခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
မောက်စံ NLD ရုံးကို ဝိုင်းရံခဲ့သည် ဆိုသော ဖြစ်ရပ်နှင့် ပတ်သက်၍လည်း စစ်ဗိုလ်မှူးကြီး ဦးခွန်လာက ''ကျွန်တော်တို့ ဆီမှာနယ်မြေလုံခြံုရေးအတွက် ရဲစခန်းမရှိပါဘူး။ ကျွန်တော်တို့ ပြည်သူ့စစ်ကပဲ
စောင့်ရှောက်ပေးနေတာပါ။ သည်နေရာမှာလည်း စစ်သားတွေက ရပ်နေတာ မဟုတ်ပါဘူး။ နေရာ အနှံ့ လှည့်ကင်း၊ ဝပ်ကင်း၊ ကင်းတို၊ ကင်းရှည်တွေနဲ့ ဆောင်ရွက်နေခြင်း သာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရုံး၊ ရယကရုံးတွေမှာလည်း ကျွန်တော်တို့တပ်တွေရှိနေတာပဲ။ ဒါကို ဝိုင်းထားတယ်လို့ပြောလို့မရပါဘူး။ သူတို့ပိုင်နက်ထဲလည်း မဝင်ပါဘူး။ ဒါကို NLD အောက်ခြေ ပါတီဝင်တွေက သူများလယ်မြေထဲ ဝင်ရောက်ထွန်ခဲ့တာကို အပြစ်ဝန်မခံပဲ တစ်ဖက်လူတွေကို အပြစ်ပုံချနေတာဖြစ်ပါတယ်'' ဟု ဆိုသည်။
PNA ပအိုဝ်း အမျိုးသားတပ်မတော်သည် PNO က ခွဲထွက်ထားသည့် ဌာနေပြည်သူ့ စစ်သာဖြစ်ပြီး PNO ပါတီ အနေဖြင့် ပါတီနိုင်ငံရေး လုပ်ဆောင်ခြင်းသည် PNA နှင့် မသက်ဆိုင်ကြောင်း၊ PNO သည် ၂ဝ၁ဝ ခုနှစ် မေ ၁၃ ရက်နေ့တွင် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး၊ ၂ဝဝ၉ အောက်တိုဘာလကပင် လက်ရှိ PNA ကို PNO အသွင်ပြောင်း ဌာနေ ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ PNA သည် PNO ပါတီ၏ သြဇာ လွှမ်းမိုးမှုမရှိပဲ တပ်မတော်၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာသာ တည်ရှိနေခြင်းဖြစ်သည်ဟုလည်း စစ်ဗိုလ်မှူးကြီး ဦးခွန်လာ ကရှင်းလင်း ပြောကြားသည်။
၎င်းက ''ကျွန်တော်တို့ ဒေသမှာ အရင်က မရှိခဲ့ပါဘူး။ ပအိုဝ်း၊ရှမ်း၊ ဓနု၊ ဗမာ၊ ဂေါ်ရခါး တိုင်းရင်းသားတွေ စုပေါင်းပြီး အတူချစ်ကြည်စွာနေထိုင်ခဲ့ကြတာ ဘာပြဿနာ တစ်စုံတစ်ရာမှ မပေါ်ပေါက်ခဲ့ဖူးပါဘူး။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီး ကာလမှ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေပါ'' ဟုလည်း ပြောကြားသည်။
တောင်ကြီးခရိုင်တွင်ရှိသော NLD ပါတီ အနေဖြင့်လည်း စားပွဲဝိုင်းတွင် မိမိတို့နဲ့ ဆွေးနွေးလိုလျင် ကြိုဆိုနေမည် ဖြစ်သည်ဟုလည်း စစ်ဗိုလ်မှူးကြီး ဦးခွန်လာက ပြောသည်။