နိုင်ငံရေးအကျဉ်းသားများ ကြွင်းကျန်ပြစ်ဒဏ်ဖြင့် အရေးယူမည်မဟုတ်ဟု သမ္မတ ကတိပေး

နိုင်ငံရေးအကျဉ်းသားများ ကြွင်းကျန်ပြစ်ဒဏ်ဖြင့် အရေးယူမည်မဟုတ်ဟု သမ္မတ ကတိပေး

လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးဖြစ်သော နိုင်ငံရေးအကျဉ်းသားများကို ပုဒ်မ ၄ဝ၁ ဟု ခေါ်ဝေါ်သုံးစွဲနေသည့် ကြွင်းကျန်ပြစ်ဒဏ်ကို အသုံးချကာ အရေးယူမည်မ ဟုတ်ဟု သမ္မတ ဦးသိန်းစိန်က ဇွန်လ ၄ ရက်တွင် ကတိပေးလိုက်သည်။

''ကျွန်တော်တို့ အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ်အကျဉ်းကျခံရ သူများနဲ့ ပတ်သက်လို့ ပုဒ်မ ၄ဝ၁ ကို နိုင်ငံရေး လက်နက်တစ်ခုအနေနဲ့ အသုံးချပြီး အရေးယူခြင်းပြုလုပ်ဖို့ အစီအစဉ် မရှိကြောင်း တစ်ပါတည်း ပြောကြားလိုပါတယ်''ဟု သမ္မတကသူ၏ ရေဒီယိုမိန့်ခွန်းတွင် ပြောသည်။

သမ္မတ၏ ပြောဆိုခဲ့မှုအပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ကိုညိုထွန်းက ''ဒါလိုပြောတာကို ဝမ်းပန်းတသာနဲ့ ကြိုဆိုပါတယ်''ဟု မဇ္စျိမသို့ ပြောသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီတွင် ပါဝင်သည့် ဦးသူရ (ခ) ဇာဂနာကမူ ''အသုံးမချဘူးဆိုရုံနဲ့ မရဘူး။ ကွင်းလုံးကျွတ်လွတ်တယ်ဆိုတာ တရားဝင်ဖြစ်သွားပြီဆိုတာတရားဝင်ကြေညာ ပေးသင့်တယ်'' ဟု သူကထောက်ပြပြောဆိုသည်။

ပုဒ်မ ၄ဝ၁ နှင့်ဆက်နွှယ်ကာ နိုင်/ကျဉ်းဟောင်းတစ်ဦးဖြစ်သူ ဦးနေမျိုးဇင်မှာလည်း ၂ဝ၁၂ လွတ်ငြိမ်းချမ်းသာ ခွင့်တွင် ၄ဝ၁ (၁) လက်မှတ်ရေးထိုးကာ လွတ်မြောက်လာသူဖြစ်ရာ ယခုနှစ် မေလဆန်းပိုင်းက ရဲတပ်ဖွဲ့လာဘ်စား သည်ဟု စွပ်စွဲပြောဆိုမှုအပေါ် အသရေဖျက်မှုဖြင့် ၎င်းအား ထောင်ဒဏ်သုံးလ ချမှတ်လိုက်ရာတွင် ကြွင်းကျန် ပြစ်ဒဏ် ခြောက်နှစ်ကို တစ်ပါတည်းကျခံရန် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ချမှတ်လိုက်သည်။

သို့သော် များမကြာမီ ပြန်လည် လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်က နိုင်ငံတွင်း အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများ တစ်ဦးတစ်ယောက်မျှ ရှိမနေစေလိုဟုလည်း ပြောဆိုသည်။ ''ကျွန်တော့်အနေနဲ့ အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှ ရှိနေစေလိုခြင်းမရှိပါဘူး'' ဟု သမ္မတက ရေဒီယိုမိန့်ခွန်းတွင်ပြောဆိုသွားသည်။

သမ္မတက ယခုကဲ့သို့ ပြောဆိုခဲ့သော်လည်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင်ဖြစ်သူ ဦးသူရ (ဇာဂနာ)ကမူ ''တချို့ကျတော့ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းပြီးတော့ မုဒိမ်းမှုနဲ့တပ်ထားတယ်။ ပွင့်ပွင့်လင်း လင်းပြောရရင်တော့ နိုင်ငံရေးသမား အယောင်ဆောင်တွေလည်းရှိတယ်'' ဟု စိစစ်ရာတွင် တွေ့ရှိရသည့် အတွေ့အကြံုကို မဇ္စျိမသို့ ပြောသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဖွဲ့စည်းရန် သမ္မတက ဖေဖော်ဝါရီလ ၆ ရက်တွင် တာဝန်ပေးခဲ့ပြီးနောက် ယနေ့တွင် စုစုပေါင်း ၁၉ ယောက်အား တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ကော်မတီတွင် ဥက္ကဋ္ဌမှာ ဝန်ကြီး ဦးစိုးသိန်းဖြစ်ပြီး၊ ဦးကိုကိုကြီး၊ ဦးသူရ (ဇာဂနာ)၊ ဦးဉာဏ်ဝင်း၊ ဦးဘိုကြည်၊
နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့် စသူတို့ ပါဝင်သည်။

လက်ရှိအစိုးရ သက်တမ်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ရှစ်ကြိမ်ပေးခဲ့ပြီး အကျဉ်းသားပေါင်း ခြောက်သောင်းနီး ပါးကို လွှတ်ပေးခဲ့ပြီးဖြစ်သည်။ ယခုလက်ရှိတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၆ဝ ဝန်းကျင်ခန့် ကျန်ရှိနေ သေးဟု ကိုညိုထွန်းက ပြောသည်။

ပုဒ်မ ၄ဝ၁(၃)

ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားရန် သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပေးရန်ထားရှိသည့် စည်းကမ်းချက် တစ်စုံတရာနှင့် ပြည့်စုံခြင်းမရှိဟု နိုင်ငံတော်သမ္မတက သဘောရလျှင် နိုင်ငံတော်သမ္မတသည် ဆိုင်းငံ့ထား သည့် အမိန့် သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကို ဖျက်သိမ်းနိုင်သည်။ ယင်းကဲ့သို့ ဖျက်သိမ်း လိုက်သည့် အခါ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်း ခံရသူသည် လွတ်နေပါက မည်သည့် ရဲအရာရှိကမဆို ဝရမ်းမပါဘဲ ဖမ်းဆီးပြီးပြစ်ဒဏ် မစေ့ကုန်သေးသည့် ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ကျခံစေရန်အတွက် အကျဉ်းချထားခွင့် ရှိသည်။

Most read this week